တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြပါစို့

ကောင်းဆက်

ပြီးခဲ့သည့်ရက်က ဝန်ကြီးရုံးမှာ  အစည်းအဝေး တစ်ခုရှိသဖြင့် ကားဖြင့်ထွက်လာခဲ့သည်။  အစည်းအဝေးက မွန်းလွဲ ၁ နာရီ ဖြစ်သဖြင့် ဇေယျာသီရိမြို့နယ်ရှိ  အိမ်မှ  မွန်းတည့် ၁၂ နာရီမှာ ထွက်ဖြစ်သည်။ မွန်းတည့်နေက  အတော်ပူသည်။  ဆီချွေတာသည့်အနေဖြင့် အဲကွန်းမဖွင့်ဘဲ မောင်းလာသည့်အတွက် တစ်ခါတစ်ရံ လေပူတို့ အတိုးအဝှေ့ကြောင့် ကားမောင်းရင်း ချွေးပြိုက်ပြိုက်ကျနေသည်။

ထိုသို့မောင်းလာရင်းဖြင့် ရေဆင်းကျေးရွာနားတစ်ဝိုက် ရောက်သောအခါ ရေမြေသဘာဝအရ လေ၏အေးမြမှု အထိအတွေ့ကို ခံစားရသည်။ ဘေးဘီ ဝဲယာကြည့်လိုက်သည့်အခါ နွေစပါးခင်းစိမ်းစိမ်း စိုစိုများကိုတွေ့ရသည်။  ကားလမ်းဘေးရေပေး မြောင်းများတွင်လည်း ရေကတစ်သွင်သွင်စီးဆင်း နေသည်။ နှစ်ချို့ကုက္ကိုပင်ကြီးများ၏ အရိပ်ကလည်း လမ်းဘေးဝဲယာတွင် ယှက်လျက်ရှိနေသည်။ ထိုကဲ့သို့သော သဘာဝပတ်ဝန်းကျင်ကို ဖြတ်သန်းတိုက်ခတ် လာသောလေကြောင့် အေးမြသည့်အထိအတွေ့ကို ခံစားရခြင်းဖြစ်သည်။

ရေဆင်းနယ်မြေသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တည်ရှိသည်။ ရေဆင်းဆည်အနီးတွင် တည်ရှိပြီး စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့အပြင်  စိုက်ပျိုးရေးသုတေသန၊  သစ်တောသုတေ သနလုပ်ငန်းများ တည်ရှိရာဖြစ်သဖြင့် စိုက်ပျိုးရေးစံပြနယ်မြေအဖြစ်တည်ရှိနေသည်။ နိုင်ငံတစ်ဝန်း မဟုတ်တောင် မိုးစပါးစိုက်ပျိုးမြေ တစ်ဝက်လောက် ရေဆင်းနယ်မြေကဲ့သို့ နွေစပါးစိုက်ပျိုးနိုင်လျှင် အပူဒဏ်အတော်သက်သာမည်ဟု အတွေးရောက်ရသည်။

မြေဧကပေါင်း ၃၄ သန်းကျော်ရှိ

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပေါကြွယ်ဝပြီး စိုက်နိုင်ပျိုးနိုင်သော မြေသယံဇာတများပေါများသည့် စိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံဖြစ်သည်။  နိုင်ငံတစ်ဝန်းစိုက်ပျိုးနိုင် သည့်မြေဧကပေါင်း ၃၄ သန်းကျော်ရှိပြီး ကောင်းမွန်မျှတသော ရေမြေသဘာဝရာသီဥတုရှိသည်။  မြန်မာ့ ရေမြေသဘာဝ၊ ရာသီဥတုကောင်းမွန်မှုနှင့်ပတ်သက်ပြီး အင်္ဂလိပ်လူမျိုး ဂျီ၊ အီး ဟာဗေးက “မြန်မာနိုင်ငံ၏ ရာသီဥတုမှာ  နေ့လယ်နေ့ခင်းဘက်တွင် အလွန် အမင်းပူပြင်းလှသည်ဖြစ်၍ နေ့လယ်တွင် မည်သူမျှ အလုပ်မလုပ်နိုင်ကြောင်း၊ ၎င်းပြင် မြန်မာပြည်၏ မြေဩဇာမှာ အဘယ်မျှကောင်းနေသနည်းဟူမူ မြေကြီးကိုထယ်ဖြင့် ကလိလိုက်ရုံမျှဖြင့် မြေကြီးမှာ အသီးအနှံဖြင့် ပွင့်ပေါက်ပြုံးရယ်လျက်ရှိနေရကား မြန်မာလူမျိုးတို့မှာ ကြိုးစားလုပ်ကိုင်နေရန်  မလိုတော့ကြောင်း” မှတ်ချက်ပေးထားသည်ကို ဖတ်ရဖူးသည်။

အမှန်တကယ် ဂျီ၊ အီး ဟာဗေး ပြောချင်သည့် အဓိပ္ပာယ်မှာ မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းပြီး မြေဆီမြေဩဇာနှင့် ပြည့်စုံသော  စိုက်ပျိုးမြေများရှိ သော်လည်း မြန်မာလူမျိုးတို့သည် ကြိုးစားလုပ်ကိုင်မှုအားနည်းခြင်း၊  ရောင့်ရဲတတ်ခြင်း၊ ပျင်းရိခြင်းတို့ကြောင့် ဆင်းရဲတွင်းနက်နေရခြင်းဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပေမည်။  မှန်ပါသည်၊ မိမိတို့လူမျိုးသည် ရှိတာလေးနှင့် ရောင့်ရဲတင်းတိမ်တတ်ကြသည်။ လောဘမကြီးတတ်၊ စေတနာကောင်းကြသည် စသည်ဖြင့် ဂုဏ်ယူနေတတ်ကြသည်။ ထို့အတူပင် မြန်မာ့ရေမြေတောတောင်များတွင်ရှိသော သယံဇာတများ၊ အဖိုးမဖြတ်နိုင်သည့် တွင်းထွက်ရတနာများ၊  စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေဆီ မြေဩဇာကြွယ်ဝသော သဘာဝအနေအထားများ၏ မျက်နှာသာပေးမှုကို  တစ်သက်တာပဒေသာပင်များ ထင်မှတ်ကာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့ကြသည်။ 

မိရိုးဖလာစိုက်နည်းစနစ်များ

မိမိတို့နိုင်ငံရှိ  တောင်သူလယ်သမားအများစုသည် စိုက်ကွက်ငယ်များကို အများစုပိုင်ဆိုင်ကြပြီး မိရိုးဖလာစိုက်နည်းစနစ်များကိုသာ  ဓားမဦးချ လုပ်ကိုင်နေကြသည်။ ဝမ်းစာပိုလျှံပြီး အလှူအတန်း လုပ်နိုင်လျှင် ကျေနပ်နေသော လူမျိုးများဖြစ်သည်။ ထိုကဲ့သို့သော လောဘနည်းသော(တစ်နည်း) ရောင့်ရဲတင်းတိမ်နိုင်သော စိတ်ဓာတ်များကို ပြင်ဖို့လိုပါမည်။ ကြားသိရသလောက်ဆိုလျှင် နိုင်ငံတစ်ဝန်း တောင်သူလယ်သမားများ၏  သားသမီးများသည် ဆွေစဉ်မျိုးဆက် ဆင်းရဲတွင်းနက်သည့် လယ်သမားဘဝကို  စိတ်ကုန်၊  နာကြည်းပြီး  မိဘလက်ငုတ်လက်ရင်း လယ်သမားဘဝကို စွန့်လွှတ်ကာ ပြည်ပတွင် မျိုးစုံသောအလုပ်များ လုပ်ကိုင်ရန် ထွက်ခွာသွားကြ၊ ထွက်ခွာနေကြ၊ ထွက်ခွာရန် ကြိုးစားနေကြသည်ကို ဝမ်းနည်းဖွယ်မြင်တွေ့ရသည်။ ကျေးရွာများတွင် လယ်လုပ်မည့်သူ ရှားပါးသောပြဿနာကို အများစု ရင်ဆိုင်နေရသည်ဟုဆိုသည်။ 

တောင်သူဦးကြီးများအနေဖြင့် မိမိတို့ သားသမီးများကို အိုးပိုင်၊ အိမ်ပိုင်၊ လယ်ပိုင်နှင့် ခံ့ခံ့ထည်ထည်နေနိုင်အောင် မိမိတို့တွင်ရှိသည့် အခြေအနေကို ခွဲခြမ်းစိတ်ဖြာအမွေခွဲပေးသည့် စနစ်အစား ရှိရင်းလယ်ယာကိုင်းကျွန်းများကို တစ်ကွင်း တစ်စပ်တည်း ဖော်ထုတ်၊ သားသမီးများကို စုပေါင်းဆောင်ရွက်စေခြင်းဖြင့် ရလာသော အကျိုးအမြတ် ဝေတူဝေမျှခွဲဝေယူခြင်းဖြင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ်၊ ပေါင်းစည်းမှု၏  စွမ်းအားများကို ဖော်ထုတ်ကြရပေမည်။ စက်မှုလယ်ယာစနစ် ကူးပြောင်းဖော်ဆောင်နိုင်ပါက ရှိသမျှလယ်မြေများမှာ စပါးသီးနှံများဖြင့် ဝေဆာနေသည်ကို မြင်တွေ့ရမည်ဟု ယုံကြည်မိပါသည်။  

ယနေ့နိုင်ငံတော်ကို  တာဝန်ယူအုပ်ချုပ်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုး သားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်း၌ ထုတ်ကုန်များ ပြည့်ဝစွာဖြင့်ထုတ်လုပ် နိုင်ရေးပင်ဖြစ်သည့်အတွက်  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဒေသအသီးသီး၌ ပြည့်စုံ လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် အဓိကဆန်၊ စပါး ထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိသော်လည်း  နွေစပါးစိုက်ဧက သုံးသန်း သာရှိကြောင်း သိရသည်။ တစ်ဧကပျမ်းမျှ အထွက်အနေဖြင့် မိုးစပါး ၇၅ တင်းနှင့် နွေစပါး တင်း  ၉၀ ထွက်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ 

ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် အထွက်နှုန်း
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးစပါး စိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက သုံးသန်းခန့် ရှိကြောင်း၊ စိုက်ဧက ၁၇ သန်းရှိသော်လည်း နွေစပါး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုသည် ရည်မှန်းချက် မပြည့်မီသေးကြောင်း၊ စိုက်ဧက၊ ပြည်ပပို့သည့် ဆန်နှင့်  လက်ကျန်ရှိသည့်ဆန်ကို ရာသီအလိုက် ချိန်ဆရာတွင် အလျှံပယ်ပိုခြင်းမရှိသည်ကို တွေ့ရ ကြောင်း၊ သတိထားရမည့်အခြေအနေမျိုးရှိ ကြောင်း၊ မိုးစပါးကို  တစ်ဧက ၇၅ တင်းခန့်ထွက်မည်ဟု ခန့်မှန်းထားကြောင်း၊ ပထမအဆင့်အနေဖြင့် မိုးစပါးကို တစ်ဧကပျမ်းမျှတင်း  ၈၀ ခန့်ထွက်ရှိ အောင်ဆောင်ရွက်မည်ဆိုပါက  စပါးတင်း ၇၅ သန်း ခန့်  ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ နွေစပါးကို တစ်ဧကတင်း ၉၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့် တစ်ဧက ၉၅ တင်းခန့် ထွက်ရှိအောင်ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၁၅ သန်းခန့်ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ နွေစပါး၊  မိုးစပါး နှစ်ခုပေါင်းပါက စပါးတင်းစုစုပေါင်း သန်း ၉၀ ခန့် ပိုမိုလာမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊  ထိုသို့ ရည်မှန်းချက် ပန်းတိုင်များချမှတ်ပြီး အသေအချာဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန် ဖြစ်အောင် အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း” လမ်းညွှန်မှာကြားထားသည်။

ထို့အတူ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ကာ စိုက်ပျိုးရေးလုပ်ငန်းများ မြှင့်တင်ရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ကာ ကျပ်ဘီလီယံ ပေါင်း ၃၃၀ ကို ထုတ်ချေးပေးထားသည်။

အထက်ပါ  လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်ကို အသေးစိတ်မသိရသော်လည်း ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃-၂၀၂၄ မိုးစပါးရာသီတွင် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီကထက် တစ်ဧက ပျမ်းမျှ ၉ ဒသမ ၃၅ တင်းနှုန်း ပိုမိုထွက်ရှိအောင်ဆောင်ရွက် နိုင်ခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ဖတ်လိုက်ရသည်။

ဆန်စပါးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်သွေးကြော သဖွယ်ဖြစ်သည်။ နိုင်ငံ့ လူဦးရေသည်  တစ်နေ့တခြားတိုးပွားလာပြီး စိုက်ပျိုးမြေများမှာမူ မြို့ပြဖွံ့ဖြိုးမှုများကြောင့် တစ်ဆတစ်ဆလျော့ပါးလာသည်။ တိုးပွားလာသည့် လူဦး ရေအတွက် စားရေရိက္ခာလုံလောက်မှုရှိစေရန် ဆန်စပါးထုတ်လုပ်မှုကဏ္ဍကို မိရိုးဖလာ နည်း စနစ်များအတိုင်းဆောင်ရွက်နေ၍ မဖြစ်တော့ပေ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူများပူးပေါင်း၍ ဆန်စပါးအထွက် တိုးရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စက်မှုလယ်ယာစနစ်သို့ပီပီပြင်ပြင်  ကူးပြောင်းရမည်။ တစ်သီးစားမှ  နှစ်သီးစား၊ သုံးသီးစားဖြစ် အောင်လုပ်ရမည်။ အထွက်တိုးအောင်လုပ်ရမည်။ ခေတ်မီနည်းပညာများ  အသုံးပြုရမည်။ သို့မှသာ ပြည်တွင်းစားသုံးမှုဖူလုံပြီးပိုလျှံသည်များကို ပြည်ပ သို့တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ 

နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် မိမိတို့နိုင်ငံတွင် ရေခံမြေခံကောင်းများနှင့် လူသားအရင်းအမြစ် များရှိပြီးဖြစ်သည်။ သို့သော်လည်း စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့်  တည်ငြိမ်အေးချမ်းမှုပျက်ပြား အောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းတို့ကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်လျက်ရှိသည်။ ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် ကဏ္ဍအသီးသီးတွင် ပါဝင်နေသူများက မိမိတို့၏လုပ်ငန်း တာဝန်များကို မခိုမကပ် အားသွန်ခွန်စိုက်အားထည့် ကြိုးပမ်းကြရန်လိုအပ်သည်။

မျိုး၊ ရေ၊ မြေ၊ နည်းပညာဟူသည့် အချက်လေးချက်

အထူးအားဖြင့်  စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ ရေ၊ မြေ၊ နည်းပညာဟူသည့် အချက်လေးချက်သည် အရေးကြီးသဖြင့် စနစ်တကျ အသုံးချတတ်ရန် လိုအပ်သည်။ နိုင်ငံတော်အပိုင်းကလည်း မျိုးကောင်းမျိုးသန့်ရရှိရေး၊ ရေဖူလုံမှုရှိစေရေးနှင့် နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိသည့်အပြင် ဒေသတွင်းနိုင်ငံများ၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်၍  မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဥပဒေ၊  မူဝါဒများချမှတ်ကာ ထိန်းကျောင်းဆောင်ရွက်ခြင်း၊ ပြည်တွင်း/ ပြည်ပသို့ တင်ပို့ရောင်းချသည်အထိ ပါဝင်နေသူများဖြင့် Supply Chain Mechanism တစ်ရပ်ထူထောင်ပေးခြင်း၊ မြန်မာ့ဆန်စပါး စံချိန်စံညွှန်းသတ်မှတ်ချက်များ ဆောင်ရွက်ပေးခြင်းနှင့် မြန်မာ့ခေတ်မီဆန်စက်များ တိုးတက်လာစေရေးအတွက် အားပေးကူညီ ဆောင်ရွက်ပေးခြင်း၊  ကန်ထရိုက်လယ်ယာစနစ် ထူထောင်ပေးခြင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာများ ရေးဆွဲထားရှိခြင်းများ ဆောင်ရွက်ပေးနေသည့်အတွက် တောင်သူများအနေဖြင့် ကျွဲကူးရေပါဆိုသည့်အတိုင်း မိမိတို့အကျိုးစီးပွားနှင့် နိုင်ငံတော် စားရေရိက္ခာဖူလုံရေး  ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။  ။