တိုင်းရင်းမီဒီယာညီလာခံ မြစ်ကြီးနားမြို့တွင် ကျင်းပ

မြစ်ကြီးနား ၁၆  စက်တင်ဘာ 


သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ယနေ့နံနက်ပိုင်းမှစတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ တိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ညီလာခံကျင်းပ ရေးကော်မတီဥက္ကဋ္ဌ နန်းဖော့ဂေက ညီလာခံကျင်းပရေး ရည်ရွယ်ချက်နှင့် ယခင်ကျင်းပခဲ့သည့် ညီလာခံ(၆)ကြိမ်ကို မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ မြို့တော်များတွင် လှည့်လည်ပြီး ညီလာခံများအလိုက် ဆောင်ပုဒ်အသီးသီး သတ်မှတ်ကာ ကျင်းပခဲ့မှု၊ ယခု သတ္တမအကြိမ်တွင် “တရားမျှတမှု အတွက် တိုင်းရင်းမီဒီယာ”(Ethnic Media For Justice )ဆောင်ပုဒ်ဖြင့် ကျင်းပမည့်အခြေ အနေကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်ရေးတွင် သတင်းမီဒီယာကဏ္ဍ သည် အဓိကအရေးကြီးပါကြောင်း၊ သတင်းမှန်များကို မီဒီယာကျင့်ဝတ်နှင့်အညီ ဖြန့်ချိပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ကချင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ် ကောင်းများလည်း ပေးကြစေလိုပါကြောင်း၊ စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်သည့် သတင်းမီဒီယာအနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ပြည်သူနှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကိုယ်စားတက်ရောက်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တိုင်းရင်းမီဒီယာညီလာခံများကို သတ္တမအကြိမ်ထိ နှစ်စဉ်ဆက်တိုက်ကျင်းပနိုင်ခဲ့ပြီး ရလဒ်ကောင်းများ ဖော်ထုတ်နိုင်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊  ဆဋ္ဌမအကြိမ်တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များကို တိုင်းရင်းမီဒီယာများအနေဖြင့် တိကျမှန်ကန် သည့်သတင်းများ ထုတ်ပြန်ပေးခြင်းများဖြင့် ပါဝင်တိုးမြှင့်ဆောင်ရွက်ရန်အချက် အပါအဝင် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတွင်းမှ အဖြစ်အပျက်များ၊ အထူးသဖြင့် တိုင်းရင်းသားဒေသများမှ သတင်းအချက်အလက်များကို ပြည်တွင်းသာမက နိုင်ငံတကာမှ ပိုမို သိရှိနားလည်အောင် အရည်အသွေးပြည့်မီစွာဖြင့် သတင်းမီဒီယာလုပ်ငန်းများကို ဦးတည်လုပ် ဆောင်ကြရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ (Media and Information Literacy-MIL) ဗဟုသုတရရှိပြီး သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ၊ အမုန်းတရားနှင့် ပဋိပက္ခများကို ဂရုပြုရှောင်ရှား နိုင်ရန်လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားသည်။


ဆက်လက်၍ ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးထုန်ဖူးတဂုံက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တိုင်းရင်းညီလာခံ လက်ခံကျင်းပနိုင်မှု အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် ဒေသခံအဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ညီလာခံသို့ တက်ရောက်လာကြသူများအားလုံး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။


အဆိုပါ ညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ တိုင်းရင်းသားဒေသအသီးသီးမှ သတင်းမီဒီယာပညာရှင်များ၊ မီဒီယာကွန်ရက်အစုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးနှင့် လူမှုအဖွဲ့ အစည်းများမှ တာန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။


ဆက်လက်၍ တိုင်းရင်းမီဒီယာညီလာခံကို အဖွဲ့လိုက် ဆွေးနွေးခြင်းများ ပြုလုပ်ကြမည်ဖြစ်ရာ အဖွဲ့(၁)တွင် သတင်းထောက်များ၏ လုံခြုံရေးနှင့် မီဒီယာရေရှည် တည်တံ့ခိုင်မြဲရေး(Journalists Safety and Media Sustainability)၊ အဖွဲ့ (၂) တွင် အကြီးစားဖွံ့ ဖြိုး ရေးစီမံကိန်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူအပေါ် ဆိုးကျိုး သက်ရောက်မှု( Mega Development Project and Its Environmental Effects/Public Safety)၊ အဖွဲ့ (၃)တွင် မီဒီယာလွတ်လပ်မှုနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအလားအလာ (Media Freedom Vs Prospects of Democratic Transition)၊ အဖွဲ့(၄)တွင်  ပစ်ခတ်တိုက် ခိုက်မှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းမီဒီယာများ၏ လားရာ များ(Crashes, Peace Process, Reform & The Trends of Ethnic Media in Myanmar)၊ အဖွဲ့(၅)တွင်  တိုင်းရင်းမီဒီယာနှင့် တရားမျှတရေးဆိုင်ရာ ချိတ်ဆက်မှု(Ethnic Media Engagement with Justice) ခေါင်းစဉ်များ သတ်မှတ်ဆွေးနွေးကြမည်ဖြစ်ပြီး အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အကြံပြုချက်များနှင့် ထုတ်ပြန်ကြေညာခြင်းတို့ကို ညီလာခံ အစီအစဉ်အတိုင်း စက်တင်ဘာ ၁၈ ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ပြည်နယ်(ပြန်/ဆက်)