တိုင်းရင်းသား လူမျိုးများစာရင်းကို ထုတ်ပြန်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် တရားဝင်ထုတ်ပြန်ခြင်း မပြုသေး

နေပြည်တော် ၁၃ ဇွန်

 

တိုင်းရင်းသား လူမျိုးများစာရင်းကို ထုတ်ပြန်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး  ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ “မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသည့် ကမန်လူမျိုး လူဦးရေ စုစုပေါင်းနှင့် မြို့နယ်အလိုက် ကမန်လူဦးရေ မည်မျှရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍  မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကမန်လူမျိုးသည် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် ပါဝင်သော ရခိုင်မျိုးနွယ်စု ဖြစ်ပါကြောင်း၊ ကမန်လူမျိုးများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်မှုများတွင် ကမန်လူမျိုး မဟုတ်သူများနှင့်  မှားယွင်းမပါရှိစေရေး မိဘဘိုးဘွား အထောက်အထားများဖြင့် သေချာစိစစ်၍ ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းအချို့၏ မသမာမှုကြောင့်ဖြစ်စေ၊ ကာယကံရှင်များ၏ လိမ်လည်လျှောက်ထားမှုများကြောင့်ဖြစ်စေ ကမန်လူမျိုး မဟုတ်သူများအား ကမန်လူမျိုးအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုများအား စိစစ်တွေ့ရှိရပါက ကတ်ပြားများ ပြန်လည်သိမ်းဆည်း၍ ကာယကံရှင်များအား ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူခြင်း၊ သက်ဆိုင်ရာ ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမေးခွန်းတွင် မေးခွန်းပေါင်း ၄၁ ခုပါရှိပြီး မေးခွန်း ၄၀ ပါ အချက်အလက်များကို အဆင့်များခွဲ၍ ထုတ်ပြန်ခဲ့ပါကြောင်း၊ လူမျိုးရေးဆိုင်ရာ အချက်အလက်များသာ ထုတ်ပြန်ရန်ကျန်ရှိပါကြောင်း။

 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူမျိုးစာရင်းများမှ တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း စသည့်ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများ ရှိသဖြင့် ရရှိလာသော တိုင်းရင်းသားလူမျိုးများစာရင်း ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း။

 

လူမျိုးစာရင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များရှိသဖြင့် တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်နှင့် လူဦးရေပညာရှင်များ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ တိုင်းရင်းသား လူမျိုးအမည်၊ တိုင်းရင်းသား လူမျိုးအင်အားများ သတ်မှတ်ပြီး ခွင့်ပြုချက်ရရှိသည့် အချိန်မှသာလျှင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးများစာရင်းကို ထုတ်ပြန်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

 

MDN