တိုင်းရင်းသား ညီအကိုမောင်နှမ များအားလုံး ဝိုင်းဝန်းကြိုးပမ်းမှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း (၂၁)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြား

မန္တလေး ၃ မတ်

 

ကျွန်တော်တို့တွေမှာ တူညီသည့် ဘုံရည်မှန်းချက်များ ရှိလာပြီးဖြစ်ပါကြောင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရားနှင့် ပြည့်စုံသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ကြမည်ဆိုသည့် ပိုင်းဖြတ်မှု ဖြစ်ပါကြောင်း၊ နောက်ဆုံး မျှော်မှန်းနေသည့် ငြိမ်းချမ်းရေးရအောင် ကျွန်တော်တို့ နိုင်ငံတွင် မှီတင်းနေထိုင်နေကြသည့် အေးအတူပူအမျှ၊ တစ်မြေထဲနေ တရေထဲသောက်ကြသည့် တိုင်းရင်းသား ညီအကိုမောင်နှမများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းမှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း ယမန်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၅၉ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ ချိန်စည်ခန်းမတွင် ကျင်းပသော (၂၁)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

“မန္တလေးတိုင်း ဒေသကြီးမှာ တိုင်းရင်းသား လူမျိုးအဖွဲ့ (၁၅)ဖွဲ့ရှိပါတယ်၊ တိုင်းရင်းသား လူမျိုးများရဲ့ အမျိုးသားနေ့ကို ကျွန်တော်တို့ အစိုးရအဖွဲ့ အမြဲတက်ရောက်ပါတယ်၊ ဝမ်းသာပီတိဖြစ်ရပါတယ်၊ ကျွန်တော်တို့နဲ့ အေးအတူပူအမျှ နေထိုင်လာခဲ့တဲ့ တိုင်းရင်းသား ညီအကို မောင်နှမတွေနဲ့ တစ်ထပ်ထဲ ခံစားရပါတယ်၊ ကျွန်တော်တို့ ဗမာတွေ လူမျိုးကြီးဝါဒ မကျင့်သုံးပါဘူး၊ ကျွန်တော်တို့လည်း ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်တွေ စနစ်တွေ အားလုံးဖြတ်သန်း ခဲ့ရပါတယ်၊ ကျွန်တော်တို့လည်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသူတွေပါ၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို သွားနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ဒါကို ရည်ညွှန်းထားပါတယ်၊ အရေးကြီးတာက မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်နေဖို့ တစ်နည်းပြောရရင် ပြည်ထောင်စုထဲမှာ နေထိုင်ကြတဲ့အချိန် ‘ဥမကွဲ သိုက်မပျက်’ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ကျွန်တော်တို့ အားလုံး စံစရာရှိရင်လည်း စံ၊ ခံစရာရှိရင်လည်း ခံ ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကိုင်တွယ် ထိန်းသိမ်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဘိုးတွေ၊ ဘွားတွေက လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့ကြတယ်၊ ကျွန်တော်တို့တွေ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ထိမ်းသိမ်းရမယ်၊ စောင့်ရှောက်ရပါမယ်၊ ကျွန်တော်တို့ကျမှ ညံ့သွားလို့ မဖြစ်ပါဘူး၊ နောင်လာမယ့် အနာဂါတ် မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ ကြိုးပမ်းရမှာပါ၊ ကျွန်တော်တို့ လူငယ်တွေကို ကြိုးစားစေချင်ပါတယ်၊ တိုင်းရင်းသား လူမျိုးတွေရဲ့ စာပေ၊ ဘာသာ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေကို စောင့်ရှောက် ကာကွယ်ရမှာပါ၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်လည်း ကြိုးစားရမှာပါ”ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

 

(၂၁) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရှမ်းလူမျိုးများ သာရေးနာရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ နာယက(မန္တလေး)တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသား အလံတော်တို့ကို အလေးပြုခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)၏ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ ပအိုဝ်အမျိုးသားနေ့နှင့် စာအောင်ဆုနှင်းသဘင် ကျင်းပရခြင်းအကြောင်း ဖတ်ကြားခြင်းများကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူး၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသော တိုင်းရင်းသား လူမျိုးများ အဖွဲ့တို့က စာအောင် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များကို တစ်ဦးချင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

မိမိတို့လူမျိုး အချင်းချင်း စည်လုံးညီညွတ်မှု ရှိစေရန်၊ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးကြစေရန်၊ မိမိအမျိုးသားစာပေနှင့် ဘာသာစကား ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု စသည့် ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုမောင်နှမများ အချင်းချင်း ‘ဥမကွဲ သိုက်မပျက်’ ချစ်ကြည်ရင်းနှီးစွာ စည်းလုံးညီညွတ် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် (၂၁)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စာအောင် ဆုနှင်းသဘင် အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

တင်မောင်-မန်းကိုယ်ပွား