တိုင်းရင်းသားအများစုနေထိုင်ရာ သွေးချင်းတို့နေရာ ပူတာအိုကို ရောက်ခဲ့တယ်

ပူတာအို ၈ မတ်


ပူတာအိုမြို့ဟာ အရင်က ရှမ်းစကား အဘိုးမျှော်လို့အဓိပ္ပာယ်ရတဲ့ ပူတောင်းမြို့လို့တွင်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက Putao လို့ပေါင်းရာကနေ ပူတာအိုဆိုပြီးဖြစ်လာပါတယ်။


ပူတာအိုမြို့ဟာ အများထင်သလို တောင်ပေါ်မြို့လည်း မဟုတ်ပြန်ပါဘူး။ လွင်ပြင်ဒေသကြီးပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၂၀ဝ ကျော် မြင့်ပါတယ်။ ဘေးပတ်လည်ဝိုင်းထားတဲ့ ရေခဲတောင်တွေရဲ့ အအေးဒဏ်ကြောင့် တောင်ပေါ်ဒေသနဲ့မခြား အေးမြနေတာပါ။ ရဝမ်၊ လီဆူ တိုင်းရင်းသားအများစုနေထိုင်ကြပြီး ကချင် (ဂျိန်းဖော)၊ ရှမ်းလူမျိုးလည်း မျှတနေထိုင်ပါတယ်။
လမ်းခရီးအကွာအဝေးအနေနဲ့ ရန်ကုန်မြို့ကနေ ၁၁၂၇ မိုင်၊ မြစ်ကြီးနားမြို့ကနေ ၂၁၈ မိုင် အကွာအဝေးမှာရှိပြီး လေယာဉ်ဖြင့် ရန်ကုန်မှ ၄ နာရီ၊ မြစ်ကြီးနားမှ ၄၅ မိနစ်စီးနင်းရပါတယ်။


ရေခဲတောင်မှစီးဆင်းလာတဲ့ ရေခဲတမျှအေးစက်နေပြီး အောက်ခြေကြမ်းပြင်အထိ ဖောက်ထွင်းမြင်ရအောင် ကြည်လင်အေးမြတဲ့ရေတွေ စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ ရေစီးသံ၊ စမ်းချောင်းနံဘေးမှာ အစီအရီပြန့်ကြဲနေတဲ့ ဖြူလွှလွှကျောက်တုံးဝိုင်းဝိုင်းလေးနဲ့ သဲသောင်တွေ၊ စမ်းချောင်းလေးအထက်ပိုင်းကိုကြည့်ရင်မြင်ရမယ့် ရေခဲတောင်တန်း၊ ညနေ နေညိုချိန်ဆို ထမင်းဟင်းချက်ရာကထွက်လာတဲ့ မီးခိုးတွေ အူအူ၊ မြူက ပျပျ၊ ခွေးသံ၊ ကလေးသံတွေနဲ့ ဆူညံနေတတ်တဲ့ ရွာလေးတွေဟာ ပူတာအိုမြို့တစ်မြို့မှာပဲ မြင်ရတဲ့ ပသာဒတွေပါ။


အိမ်တိုင်းမှာစိုက်ထားပြီး ပြွတ်နေအောင်သီးနေတဲ့ ဂရိတ်ဖရုပင်၊ ဘုရင်သီးပင်တွေ၊ အပွင့်ဝါဝါတွေ လှိုင်လှိုင်ပွင့်တဲ့ မုန်ညင်းခင်း၊ အခင်းတွေကို နွားဝင်မစားရအောင် ခတ်ထားတဲ့ ကျောက်စီခြံစည်းရိုးတစ်ပိုင်းနဲ့ ယိုင်နဲ့နဲ့ ဝါးစည်းရိုးတစ်ပိုင်း။ သူတို့ဘာသာစကားတွေပြောပြီး ကုလားမခြေထောက်နဲ့ ဆော့ကစားနေတဲ့ တိုင်းရင်းသားကလေးတွေကို မြင်ရတာလည်း ရင်ခုန်ကြည်နူးစရာပါ။
အများထင်သလို မအေးချမ်းတဲ့ဒေသ မဟုတ်ဘဲ အင်မတန်အေးချမ်းတဲ့ နေရာလေးပါ။ အချိန်မရွေး၊ ရာသီမရွေး၊ နေရာမရွေး လွတ်လပ်စွာလည်ပတ်နိုင်ပါတယ်။


ပူတာအိုမြို့မှာ လည်စရာတွေ လေ့လာစရာတွေကတော့ (၁) ကောင်းမှုလုံ (ရွှေဆတ်မင်း)စေတီ၊ (၂) ပူတာအိုမြို့မှ ဈေးများ၊ (၃) မချမ်းဘော့မြို့မှ ဂူဘားရိပ်သာနဲ့ ကျောက်နဂါး၊ (၄) Malikha lodge နှင့် မူလာရှီးဒီးချောင်း၊ (၅) နတ်ကျွန်း၊ (၆) ရေခဲတောင်တက်ခြင်း၊ (၇) မုဒုံရွာမှာရှိတဲ့ ရာဇာဓိရာဇာပေါ်တော်မူမြတ်စွာဘုရား၊ (၈) ပင်စင်ရွာမှ မေအင်မက်သစ်သီးခြံ၊ (၉) ရဝမ်မနောကွင်း စတာတွေရှိပါတယ်။


(၁) ကောင်းမှုလုံ(ရွှေဆတ်မင်း)စေတီတော်

 

ကောင်းမှုလုံစေတီကို သီရိဓမ္မာအသောကမင်း လှူဒါန်းခဲ့သော စေတီပေါင်း ၈၄၀ဝဝထဲက တစ်ဆူပါ။ ဘုရားလောင်းနုစဉ်အခါက ပူတာအိုဒေသမှာ ဘုရားလောင်းဟာ ဆတ်မင်းဘဝ၊ ကျေးမင်းဘဝအဖြစ် ပါရမီဖြည့်ကျင့်ခဲ့ပါတယ်။ ဒါကြောင့် ကောင်းမှုလုံစေတီကိုလည်း ရွှေဆတ်မင်းစေတီလို့ ခေါ်တွင်ပါတယ်။


ပူတာအိုမြို့ကနေ နာရီဝက်ခန့် ကား မောင်းရင် ရောက်ပါပြီ။ ဆခွင်န်ဒမ်း၊ ပင်စင်၊ စာရိတ္တ၊ ဆဝါဒမ်း စတဲ့ ရဝမ်ရွာတွေကို ဖြတ်သန်းရပါမယ်။


မလိခချောင်းကမ်းနဖူးဘေးမှာ တည်ထားပြီး စေတီသဏ္ဌာန်ကလည်း တစ်မူထူးခြားပါတယ်။ ကောင်းမှုလုံကြိုးတံတားနဲ့လည်း အထူးပနံရသပ္ပာယ်စွာ တည်ရှိနေပါတယ်။


အထက် ကောင်းမှုလုံ၊ အလယ် ရွှေစည်းခုံ၊ အောက်ရွှေတိဂုံဆိုပြီး စာချိုးရှိခဲ့တဲ့အတိုင်းကောင်းမှုလုံ၊ ရွှေစည်းခုံ၊ ရွှေတိဂုံဘုရားသုံးဆူကို ဖူးမြော်ရရင် အပယ်ပိတ်တယ်လို့ယုံကြည်မှုတွေရှိပါတယ်။


တချို့ဆိုရင် စေတီ သုံးဆူကို တစ်နေ့တည်း ဖူးကြသူတွေတောင် ရှိပါတယ်တဲ့။ ခုဆိုလည်း တစ်နေရာတည်းဖူးလို့ရအောင် ရွှေစည်းခုံစေတီ၊ ရွှေတိဂုံစေတီပုံတူတွေကို မလှမ်းမကမ်းတွေမှာ တည်ထားပါတယ်။ စေတီမလှမ်းမကမ်းမှာ နတ်ရေတွင်းရှိပါသေးတယ်။


အရင်တုန်းက မိန်းမပျိုတစ်ယောက်ရေလာခပ်ပြီး ပျောက်ပျောက်သွားပါတယ်တဲ့။ အိပ်မက်လည်းပေးတော့ မိန်းမပျိုရေခပ်တဲ့နေရာကို ရေတွင်းတူးကြည့်တာ ရေထွက်တော့ နတ်ရေကန်ဆိုပြီး မှည့်တွင်ခဲ့တာပါ။


(၂) ပူတာအိုမြို့မှ ဈေးများ 


ပူတာအိုမှာ စည်ပင်ဈေး၊ လေယာဉ်ဈေး၊ လေဆိပ်ဈေးဆိုပြီး ဈေးသုံးဈေးရှိပါတယ်။ ပူတာအိုရောက်ပြီဆို ပူတာအိုဈေးတွေကိုလေ့လာပါမှ တန်မှာပါ။ မမြင်ဘူးတဲ့ အရွက်၊ ဥတွေ၊ သစ်မြစ်တွေ၊ ရှားပါးအကောင်တွေ၊ ထူးဆန်းတဲ့ ရောင်းဝယ်မှုပုံစံတွေကို လေ့လာရမှာပါ။ ဈေးလေ့လာချင်ရင်တော့ မနက်စောစောထဖို့ လိုပါလိမ့်မယ်။ မနက် ၅ နာရီလောက် စတင်ရောင်းချကြပြီး ၈ နာရီဆို ဈေးကွဲပါပြီ။ ၇ နာရီလောက်ရောက်အောင်သွားမှ စုံစုံလင်လင်မြင်ရပါလိမ့်မယ်။ အလွန်အေးမြတဲ့ဒေသမှာ အိပ်ရာမှထ ကိုယ်လက်သန့်စင်ပြီး မှိုင်းနေအောင်ကျတဲ့ နှင်းတောထဲမှာ လမ်းလျှောက်ဆိုင်ကယ်စီးရတဲ့ အလုပ်ဟာ ကျွန်တော်တို့လို အပူပိုင်းဒေသက လူတွေအတွက် အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့လည်း ဈေးရောက်ရင် ရင်းထားသမျှတန်တယ်ဆိုတာ သိပါလိမ့်မယ်။


ဈေးသည်တွေက တိုင်းရင်းသားတွေပါပဲ။ ရောင်းမယ့်အရာတွေကို တစ်နေ့စာပဲလုပ်ပြီး လတ်လတ်ဆတ်ဆတ် ရောင်းတာပါ။ ကြက်သည်ဆို လေးကောင်လောက်ပဲ ရောင်းပါတယ်။ နောက်နေ့အတွက် မထားပါဘူး။ ရေထိုးထားခြင်းလည်း မရှိပါဘူး။ လတ်လတ်ဆတ်ဆတ် ရောင်းတာပါ။ ကြက်အရှက်၊ ဝက်အရှက်တွေကို ခြင်းထဲထည့်ရောင်းပါတယ်။ သားကောင်ရတဲ့အပေါ်မူတည်ပြီး ထူးထူးခြားခြားလေးတွေ တွေ့ရတတ်ပါတယ်။ ခေါပုတ်၊ မျှစ်ချဉ်တွေကိုလည်း ရောင်းချပါတယ်။ ရေခဲငါး (အင်မတန်ချိုပြီး အရိုးတော့များတယ်) အမွေးထူထူနဲ့ တောဝက်အသားတွဲ၊ခြေလက်အမွေးအစုံနဲ့ မျောက်အသားတွဲ၊ အောက်ချင်းငှက်၊ ဆတ်သားခြောက်၊ ချေ(ဂျီ)သား အစို အခြောက်၊ မျောက်ကျပ်တိုက်၊ ဖြူကျပ်တိုက်၊ ရေပိုး ရေကင်း အရှင်တွေကိုလည်း ရောင်းချပါတယ်။ စမ်းချောင်းတွေကရတဲ့ ခရု၊ ငါးတွေကိုလည်း ရောင်းပါတယ်။ တိုင်းရင်းဆေးဆိုင်တွေမှာဆို ဂျင်စင်း၊ ရှီးပဒီး၊ မဂျစ်ဥ၊ ခန်းတောက်မြစ်၊ မျက်စိအားဆေး၊ ကျောက်ချဉ်၊ တောင်ဆိပ်ခွာ၊ တောင်ဆိတ်ချို၊ တောင်ဆိတ်အရိုးတွေကို ကျိုထားတဲ့ ဟင်းချောင်း၊ ဆေးမြစ်စုံစိမ်ထားတဲ့ ပျားရည်၊ အရက်ဆန်ထည့်ထားတဲ့ ရှူးပျံဆီးအိမ် စတာတွေကို စုံလင်အောင်ရောင်းပါတယ်။ 
ရှီးပဒီးဆိုရင် ခြောက်လအကောင်ခြောက်လအပင်ဖြစ်တဲ့အရာဖြစ်ပြီး အင်မတန်အစွမ်းထက်လှပါတယ်။ ရွှေရောင်ရှီးပဒီးဆိုပိုထက်မြက်ပြီး ပိုလည်းဈေးကြီးပါတယ်။


အင်မတန်ခါးပါတယ်ဆိုတဲ့ ခန်းတောက်မြစ်ဟာ သွေးတိုး၊ ဆီးချိုအတွက် အလွန်ကောင်းပါတယ်။ ပူတာအိုရောက်ပြီဆို ဈေးကိုရောက်အောင်သွားပြီး လေ့လာပါမှ တန်မှာပါ။


(၃) မချမ်းဘော့မြို့မှ ဂူဘားရိပ်သာနှင့် ကျောက်နဂါး 


မချမ်းဘော့မြို့ဟာ ပူတာအိုမြို့မှ ၁၄ မိုင်ခန့် ကွာဝေးပါတယ်။ လမ်းနှစ်လမ်းဖြင့်သွားနိုင်ပြီး ကောင်းမှုလုံဘက်က တစ်လမ်း၊ မချမ်းဘော့နဲ့ ပူတာအို တိုက်ရိုက်လမ်းတစ်လမ်း ရှိပါတယ်။ ကောင်းမှုလုံလမ်းက ကျေးရွာတွေကို ဖြတ်သန်းရမှာဖြစ်ပြီးတိုက်ရိုက်လမ်းကျတော့ ပူတာအိုလွင်ပြင်ကြီးကို လှပစွာဖြတ်သန်းရမှာပါ။


ဂူဘားရိပ်သာ


အမှန်တကယ်က ဂူဘားဆိုတာ ရေခဲတောင်ခြေဒေသက ရွာလေးတစ်ရွာပါ။ ဂူဘားရိပ်သာက တကယ်လှတဲ့နေရာမှာတည်ဆောက်ထားတာပါ။ မလိခချောင်းကြီးဟာ ရိပ်သာတည့်တည့်ကို ဦးတိုက်လာပြီးမှ ဘယ်ဘက်ကို တံတောင်ဆစ်ချိုးကွေ့သွားတာပါ။ မသိရင် မြစ်ကြီးက ရိပ်သာအောက်ထဲကိုစီးဆင်းသွားသယောင်ယောင် ဖြစ်နေတာပါ။ ကြည်လင်နေတဲ့ ချောင်းသာသာမြစ်၊ သဲသောင်၊ ကျောက်တန်း၊ သစ်တော၊ နောက်ခံတောင်တန်းတွေက တကယ့်ပန်းချီကားတစ်ချပ်လို ခံစားမိပါတယ်။


ကျောက်နဂါး 


ဒဏ္ဍာရီအရ နဂါးကြီးဟာ တစ်သက်ပဲစားခွင့်ရှိပါတယ်တဲ့။ တစ်ခါကျတော့ ကိုယ်ဝန်သည်ကို စားမိတော့ နှစ်သက်စားသလိုဖြစ်သွားပြီး မိုးကြိုးပစ်ချလို့ ကျောက်ဖြစ်သွားတာလို့ မှတ်သားရပါတယ်။ အစက ကိုယ်ပိုင်းပဲရှိပြီး ဦးတေဇက ဦးခေါင်းပိုင်းနဲ့ ကျောရိုးဆူးတောင် ပြုလုပ်လှူဒါန်းထားပါတယ်။


(၄) Malikha lodge နဲ့ မူလာရှီးဒီးချောင်း


ပူတာအိုနဲ့ Malikha lodge က ခွဲမရပါဘူး။ ပူတာအိုရောက်ရင် Malikha lodge ရောက်ရပါမယ်။ Malikha lodge က ပူတာအိုမြို့တောင်ဘက် မူလာရှီးဒီးဆိုတဲ့ လီဆူရွာမှာတည်ရှိပါတယ်။ ဝါးရုံပင်အောက်က ခုံတန်းနီနီရယ်၊ အလယ်ကမီးဖိုရယ်၊ အောက်မှာစီးဆင်းနေတဲ့ မူလာချောင်းလေးဟာ ပူတာအိုကို စိတ်ဝင်စားသူတိုင်း သိမှာပါ။ အဆောက်အအုံအားလုံးကို သစ်၊ ကောက်ရိုး၊ ဝါး စတဲ့ဒေသထွက်ပစ္စည်းများနဲ့သာ တည်ဆောက်ထားတာပါ။ အောက်ခြေတိုင်တွေကို အုတ်မြစ်မချဘဲ ကျောက်တုံးပေါ်ခုပြီး ဆောက်ထားတာကအစ အသေးစိတ်ပါတယ်။ တည်းခိုစရိတ်က ကျွန်တော်တို့အတွက်တော့ ကြီးမားလွန်းပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်တော့ ပေးရတာနဲ့တန်လိမ့်မယ်လို့ ထင်ပါတယ်။ တချို့နိုင်ငံခြားသားတွေဆို တစ်ယောက်တည်းလာ Malikha lodge မှာ သီတင်းတစ်ပတ်လောက် တည်းပြီး ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့တွေးတောနေကြပါသတဲ့။


အထဲမှာ ဝက်ဝံ သုံးကောင်၊ ကြက်ဆင်များကိုလည်း မွေးထားပါတယ်။ မတည်းခိုဘဲဝင်ရောက်လေ့လာချင်ရင်တော့ တစ်ယောက်ကို ၁၃ ဒေါ်လာ ကျသင့်မှာပါ။


မူလာရှီးဒီးချောင်း


မူလာရှီးဒီးရွာအနားမှာ ရှိပါတယ်။ ကျောက်တုံးလှလှလေးတွေနဲ့ ဓာတ်ပုံအင်မတန်ရိုက်လို့ ကောင်းပါတယ်။ ရေကကြည်ပြီး အင်မတန်အေးစိမ့်နေပါတယ်။ မူလာရှီးဒီး ဂျစ်ကားကူး ကြိုးတံတားဟောင်းလည်းရှိပြီး လမ်းလျှောက်လေ့လာလို့ ရပါတယ်။


(၅) နတ်ကျွန်း 


နတ်ကျွန်းကတော့ အင်မတန်လှပတဲ့နေရာဖြစ်ပြီး အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရေလမ်းခရီးကို လှေစီးသွားရပါမယ်။ မချမ်းဘော့မြို့ကနေ လှေဖြင့် ၄၅ မိနစ်ခန့် မလိခမြစ်ကို စုန်စီးရပါတယ်။ လမ်းခရီးမှာ အင်မတန်ရေစီးသန်တဲ့ ချောင်းဆုံနေရာတွေ၊ ကျောက်ဆောင်တွေရှိပြီး လှေဖြတ်သွားချိန်မှာ အသည်းတယားယား ဖြစ်ရပါတယ်။ မြစ်ရေဟာ ပကတိကြည်လင်နေပြီး ရေအောက်ကြမ်းပြင်ကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ မြစ်နံဘေးက ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြစ်နေတဲ့ ကျောက်တုံးတွေ၊ သဲသောင်ကွက်ကွက်လေး တွေကလည်း အလှတစ်မျိုးပါ။


နတ်ကျွန်းဟာ အမည်နဲ့လိုက်အောင် အံ့ဩလှပစွာတည်ရှိပါတယ်။ နတ်ချောင်းမှာတည်ရှိလို့ နတ်ကျွန်းလို့ခေါ်သလို နတ်ပြည်တက်ရာနေရာမို့ နတ်ကျွန်းလို့ခေါ်တွင်တယ်လို့ မှတ်သားရပါတယ်။ နတ်ကျွန်းပတ်ဝန်းကျင်ကို မိုင်းခွဲပြီး ငါးဖမ်းလည်း ငါးတွေမသေဘူးလို့ မှတ်သားရပါတယ်။


တကယ်တော့ နတ်ကျွန်းဟာ အမည်နဲ့ လိုက်အောင် နတ်တွေလုပ်ထားတာလို့ ထင်ရလောက်အောင် လှပဆန်းကြယ်နေပါတယ်။ မချမ်းဘော့ကနေ နတ်ကျွန်းအထိ လှေစီးခအသွား အပြန် ကျပ် ၄၀ဝဝဝ ကျပါတယ်။


(၆) ရေခဲတောင်တက်ခြင်း 


အများစုထင်တာက ပူတာအို ရောက်တာနဲ့ ရေခဲတောင်ရောက်ပြီ ထင်နေကြတာပါ။ အမှန်က ရေခဲတောင်ရောက်ဖို့ နေနေသာသာကံကောင်းပါမှ ရေခဲတောင်ကို မြင်ရမှာပါ။ နေပွင့်ပြီး မြူတိမ်ကင်းစင်ပါမှ ရေခဲတောင်တန်းတွေကို မြင်ရမှာပါ။ တချို့ဆို ရက်သတ္တတစ်ပတ်နေတာတောင် ရေခဲတောင်မမြင်လိုက်ရသူတွေ အများကြီးပါ။ သုံးလပိုင်း၊ လေးလပိုင်းဆို ရေခဲတောင်တန်းတွေကို အလှပဆုံးမြင်ရနိုင်ပါတယ်။


ပူတာအိုနဲ့ အနီးဆုံး ဖုန်ကန်ရာဇီတောင်ဟာ ပူတာအိုနဲ့ ၅၃ မိုင် ဝေးပါသေးတယ်။ တောင်ခြေကို ခြေကျင် သုံး၊ လေးရက်လောက်လျှောက်ရပါတယ်တဲ့။ ၁၂ လပိုင်းအချိန်ကရေခဲနုသေးလို့ တောင်တက်လို့ မကောင်းသေးပါဘူး။ လေးလပိုင်းလောက်မှသာ တောင်တက်လို့ ကောင်းပါတယ်တဲ့။ လမ်းပြ အထမ်းသမားတွေနဲ့ တောင်တက်ရတာပါ။ တောင်တက်သူ တစ်ဦးအတွက် အထမ်းသမား လေးဦးလိုအပ်တယ်လို့ သိရပါတယ်။ ဖုန်ကန်နဲ့မဒွယ်တောင်တို့ဟာ တက်ရအလွယ်ဆုံး ရေခဲတောင်တွေလို့ သိရပါတယ်။


(၇) ရာဇဓိရာဇာ ပေါ်တော်မူရုပ်ပွားတော် 


မုဒုံရွာမှာတည်ရှိတဲ့ အလွန်ထူးခြားတဲ့ရုပ်ပွားတော်ပါ။ ဉာဏ်တော်အမြင့် ၉ လက်မရှိပြီး အရွယ်နဲ့မလိုက်အောင် လေးပါတယ်။ အလေးချိန် ၁၀ ပိဿာလောက်ရှိတယ်လို့သိရပါတယ်။


တူးဖော်ရရှိစဉ်က ရုပ်ပွားတော်လို့ မသိရှိရဘဲ ပွတ်တိုက်ဆေးကြောပြီး ဆေးခြယ်လိုက်ပါမှ ဗုဒ္ဓရုပ်ပွားတော်ဆိုတာ သိရတာပါ။ရုပ်ပွားတော်ရှေ့မှာ ကျေးနှစ်ကောင် ကြည်ညိုနေပုံရှိပြီး ဘုရားလောင်းကျေးမင်းကို ကိုယ်စားပြုတာ ဖြစ်နိုင်ပါတယ်။ ဘုရားလက်ရာက တရုတ်လက်ရာနဲ့ ခပ်ဆင်ဆင်တူနေပါတယ်။


နောက်ထပ်ထူးခြားတာက ဘုရားကိုမည်သည့်သတ္တုနဲ့ သွန်းလုပ်ထားမှန်း အဖြေရှာမရတာပါ။ မြန်မာနိုင်ငံ အထင်ကရပုဂ္ဂိုလ် ကိုယ်တိုင် စူးစမ်းမှုလုပ်ရာမှာ အရှေ့ဘက်တိုင်းရင် အဖြေတစ်မျိုး၊ အနောက်ဘက်တိုင်းရင် အဖြေတစ်မျိုး၊ ဘေးဘက်တိုင်းရင် အဖြေတစ်မျိုး အဖြေအမျိုးမျိုးထွက်တယ်လို့ သိရပါတယ်။ ပူတာအိုရောက်ရင် မဖြစ်မနေသွားဖူးရမယ့် ရုပ်ပွားတော်ပါ။


(၈) ပင်စင်ရွာက မေအင်မက်သစ်သီးခြံ 


ပူတာအိုမှ ကောင်းမှုလုံသွားရင် ပင်စင်ရွာ ဘယ်ဘက်ခြမ်းမှာ ဆိုင်းဘုတ်ရှိပါတယ်။ နှစ်ဖာလုံခန့်သာ ဝင်ရပါတယ်။ ခြံထဲမှာ ဂရိတ်ဖရုပင်၊ ဘုရင်သီးပင်၊ သွေးသီးပင်တွေ စိုက်ထားပြီး မီးသီးတွေချိတ်ဆွဲထားသလို လှပစွာ ပြွတ်ခဲအောင်သီးနေပါတယ်။ ဓာတ်ပုံရိုက်လို့အင်မတန်ကောင်းပါတယ်။ ခြံရှင် အလည်လာရင်နေဖို့အတွက် ကျောက်တုံးတွေကပ်ပြီး ဆောက်ထားတဲ့ အိမ်လေးဟာလည်း အင်မတန်ကဗျာဆန်ပြီး ပုံလှလှလေးတွေရမှာ အသေအချာပါ။


(၉) ရဝမ်မနောကွင်း 


ရဝမ် မနောကွင်းကတော့ မူလာရှီးဒီးနဲ့ပူတာအိုမြို့အကြား ကားလမ်းမနံဘေးမှာ ရှိပါတယ်။ ရဝမ်အမျိုးသားမနောတိုင်ကြီးစိုက်ထူထားပြီး အမှတ်တရဓာတ်ပုံရိုက်လို့ကောင်းပါတယ်။


ဒါတွေကတော့ စာရေးသူ သွားရောက်လေ့လာမိသလောက် ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသားတင်ပြထားတာပါ။ ခရီးတစ်ခုသွားတိုင်း ရှောင်ရန်တွေရှိသလို ဆောင်ရန်တွေလည်း ရှိပါတယ်။ အတုယူစရာတွေလည်းရှိပါတယ်။


စာရေးသူရခဲ့တာကတာ့ ရဝမ်တိုင်းရင်းသားများရဲ့ ရောင့်ရဲတင်းတိမ်စိတ်ပါ။ လောဘနည်းပြီး ရှိတာလေးနဲ့ အဆင်ပြေအောင်နေတတ်ကြပါတယ်။

 

ရဲဖြိုးခင်ဝေ