တိုင်းရင်းသားလူမျိုးစု စာပေစာတမ်းဖတ်ပွဲနှင့် စာပေယဉ်ကျေးမှုပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း

တောင်ကြီး ၅ ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးစု စာပေစာတမ်း ဖတ်ပွဲနှင့် စာပေယဉ်ကျေးမှုပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

 

 

တိုင်းရင်းသားလူမျိုးစု စာပေစာတမ်း ဖတ်ပွဲနှင့် စာပေယဉ်ကျေးမှုပြပွဲ အောင်မြင်စွာကျင်းပရေးဦးစီး ကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားလူမျိုးစု စာပေစာတမ်း ဖတ်ပွဲနှင့် စာပေယဉ်ကျေးမှုပြပွဲ အောင်မြင်စွာကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က တိုင်းရင်းသားလူမျိုးစု စာပေစာတမ်းဖတ်ပွဲနှင့် စာပေယဉ်ကျေးမှု ပြပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးရာ တိုင်းရင်းသားရိုးရာ ပြခန်းများ၊ တိုင်းရင်းသား စာတမ်းဖတ်ခန်း၊ တိုင်းရင်းသား ဖျော်ဖြေခန်းများ ပါရှိမည်ဖြစ်ပြီး စာတမ်းပေါင်း (၂၄)စောင်တွင် (၁၀)စောင်သည် ယဉ်ကျေးမှုအပိုင်းဖြစ်ပြီး ကျန်စာတမ်းများသည် တိုင်းရင်းသား စာပေများဖြစ်ကြောင်း၊ ယင်းကြား၊ ယင်းနက်၊ ထနော့၊ အမ်းလူမျိုးများသည် စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ ရှမ်း(အရှေ့)၊ ရှမ်း (မြောက်)မှ လီဆူးစာပေများကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ ကချင်တိုင်းရင်းသားစာပေများ ကိုလည်း တင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားရိုးရာစားသောက်ဆိုင်များ၊ အထည်ဆိုင်များ ခင်းကျင်း ရောင်းချသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသွားသည်။

 

 

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တိုင်းရင်းသား လူမျိုးစု စာပေစာတမ်းဖတ်ပွဲနှင့် စာပေယဉ်ကျေးမှုပြပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများဖြစ်သည့် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာ ချထားရေး လုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၊ ပြပွဲပြခန်း ခင်းကျင်းပြသရေးနှင့် ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ရေး ကော်မတီ၊ ဘဏ္ဍာရေး လုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ စာတမ်းစိစစ်ရေး လုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းကော်မတီတို့က အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)