တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို တိုင်းရင်းသားလူမျိုးစုများက နှစ်စဉ်ကျင်းပပေးရန် မျှော်လင့်

တောင်ကြီး ၂၅ မတ်

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တိုင်းရင်းသား လူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို  တိုင်းရင်းသား လူမျိုးစုများ၏ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အဓွန့်ရှည် တည်တံ့စေရန်၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာ အစားအသောက်၊ အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို အားပေးမြှင့်တင်ရန်၊ တိုင်းရင်းသား လူမျိုးစုများ အချင်းချင်း ရင်းနှီး ချစ်ခင်မှုမှတစ်ဆင့်     တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာ အားကောင်းလာစေရန်နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေး အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကာ မတ်  ၂၁ ရက်မှ  ၂၅ ရက်အထိ တောင်ကြီးမြို့၌ ကျင်းပလျက် ရှိသည်။

 

ပွဲတော်ကာလအတွင်း တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေစာတမ်း (၁၅)စောင်နှင့် တိုင်းရင်းသားလူမျိုးစု သမိုင်း၊ ယဉ်ကျေးမှုဓလေ့ဆိုင်ရာ စာတမ်း (၁၂)စောင် စုစုပေါင်း စာတမ်း (၂၇)စောင် ဖတ်ကြားခြင်းကို တောင်ကြီး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် လည်းကောင်း၊ တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှုပြခန်း (၂၃)ခန်း၊ ဌာနဆိုင်ရာ ပြခန်း (၉)ခန်း၊ စာအုပ် အရောင်းဆိုင် (၅၀)ဆိုင်၊ ရိုးရာ အစားအသောက်ပြပွဲ၊ ဈေးရောင်းပွဲများ အပြင် တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့ (၄၅)ဖွဲ့နှင့် ခေတ်ပေါ်စင်တင် တေးဂီတ ဖျော်ဖြေမှုများကို တောင်ကြီးမြို့၊ အဝေရာကုန်းမြင့်သာယာ မီးပုံးပျံကွင်းတွင်လည်းကောင်း စည်ကား သိုက်မြိုက်စွာ ကျင်းပရာ တိုင်းရင်းသားများ၏ ရင်တွင်းပီတိ စကားသံများကို ယခုကဲ့သို့ ကြားသိရသည်-

 

ဦးပြား (ထနော့တိုင်းရင်းသား) တောင်ပို့လကျေးရွာ၊ ကလောမြို့နယ်

 

ကျွန်တော်ကတော့  ကလောမြို့နယ်၊ တောင်ပို့လကျေးရွာမှ လာရောက် ကပြခြင်း ဖြစ်ပါတယ်၊ ကျွန်တော့် အမည်က ဦးပြား ဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသား စုံညီပွဲတော်တွေကို တွေ့မြင်ရတာ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ရတာလည်း ဝမ်းသာပီတိ ဖြစ်မိတယ်။

 

 

အက်ဖေါန် (“ ဝ” တိုင်းရင်းသူ) လားရှိုးမြို့နယ်

 

ကျွန်မကတော့ လားရှိုးမြို့နယ်က တိုင်းရင်းသူ အက်ဖေါန် ဖြစ်ပါတယ်။ “ ဝ ” ရိုးရာ တိုင်းရင်းသား ယဉ်ကျေးမှုအနေနဲ့ လာရောက်တာပါ။ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့က လာရောက်ပြီး ဈေးရောင်းပွဲတော်မှာ ပါဝင် ရောင်းချခြင်း ဖြစ်ပါတယ်။ “ ဝ ” ရိုးရာ ကြက်သား ဆန်ပြုတ်ကို အဓိက ရောင်းချတာ ဖြစ်ပါတယ်။ အစားအစာဆိုတော့ မစားဖူးသေးတဲ့ သူတွေအစ လေ့လာရင်းနဲ့ လာရောက်စားသုံး အားပေးကြပါတယ်။ ဒီဈေးရောင်းပွဲကို လာရောက်ပြီး ပါဝင်ရတာ အရမ်းပဲ ပျော်ရွှင်ရပါတယ်။ တိုင်းရင်းသားတွေ တစ်စုနဲ့ တစ်စု ပိုပြီး ရင်းနှီးသွားတယ်လို့လည်း ခံစားရပါတယ်။ ကိုယ်မတွေ့ မကြုံဖူးတဲ့ တိုင်းရင်းသားတွေရဲ့ အစားအစာနဲ့ အဝတ်အစားတွေကို လေ့လာခွင့်၊ စားသုံးခွင့် ရရှိတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်။ ဒီလို ပွဲတော်တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးခြင်းအားဖြင့်  တိုင်းရင်းသားတွေ ပိုမိုရင်းနှီး ချစ်ခင်စည်းလုံးမှု ရှိစေမယ်လို့ ခံစားမိပါတယ်။

 

 

ဦးလုပ်ယွန်း (ဥက္ကဋ္ဌ၊ “ ဝ” တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ၊ လားရှိုးမြို့)

 

ကျွန်တော်တို့ လာရှိုးကနေ လာပါတယ်။ ဈေးရောင်းပွဲတော်မှာ ကျွန်တော်တို့ လူမျိုးရဲ့ အစားအစာကို အဓိက တအားပြချင်လို့၊ အများသူပြည်သူလည်း စားဖူးသည်ရှိအောင် ကျွန်တော်တို့ တကယ်ကို အင်တိုက်အားတိုက် လာရောက်ခြင်း ဖြစ်ပါတယ်။

 

 

ဒေါ်ဒီးနာ ( “ ဝ ” တိုင်းရင်းသူ) လားရှိုးမြို့

 

တခြားတိုင်းရင်းသားတွေလည်း သူတို့ ရိုးရာအစားအသောက် တွေကို ကျွန်မတို့လိုပဲ ဖော်ထုတ်ခွင့် ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြည်ရင်းနှီးမှုတွေ တကယ်ပဲ ပိုလာတာဟာ လက်တွေ့ပဲ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပွဲတော်ကျင်းပဖို့  အခုကတည်းက မျှော်လင့်နေပါတယ်။ “ ဝ ” စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားသာမက “ ဝ ” တိုင်းရင်းသားများ အတွက်ပါ ကိုယ်စား ကျေးဇူး အထူးတင် ပါတယ်။

 

 

စောနွဲ့အုန်းမြင့် (တိုင်းခမ်းတီတိုင်းရင်းသား)၊ ပူတာအိုယဉ်ကျေးမှုအဖွဲ့

 

ပူတာအိုကနေ လာတာပါ။ တိုင်းခမ်းတီ တိုင်းရင်းသားအနေနဲ့ ပါဝင် တက်ရောက်ခွင့်ရတဲ့ အတွက်ကြောင့် များစွာ ဂုဏ်ယူမိပါတယ်။ နောက်နှစ် နောက်နှစ်တွေမှာလည်း ဒီလိုပွဲမျိုး အမြဲတမ်း ကျင်းပနိုင်ပါစေလို့  ပြောကြားချင် ပါတယ်။

 

 

နန်းမေဦး (ပအိုဝ်းတိုင်းရင်းသူ)၊ ညောင်ဖြူစခန်း၊ တောင်ကြီးမြို့

 

ကျွန်မတို့ အခုလိုမျိုး ကိုယ့်ပအိုဝ်းလူမျိုး တိုင်းရင်းသားများရဲ့ အဘိုးအဘွားတေ ွထားခဲ့တဲ့ အမွေအနှစ်တွေကို အခုလိုမျိုး ပြသခွင့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နောက်ပိုင်းတွေမှာ သိပ်ပြီးတော့ မသိကြတော့ဘူးဆိုပေမယ့် အခုလိုမျိုး ပွဲလုပ်ပေးတော့ ပြသခွင့်ရတာကိုလည်း ဝမ်းသာပါတယ်။  ကျွန်မတို့ တိုင်းရင်းသားတွေ အများကြီးနဲ့ တွေ့ဆုံခွင့်ရတာကို အများကြီး ဝမ်းသာပါတယ်။ နောင်နှစ်များမှာလည်း တိုင်းရင်းသားတွေ စုံစုံလင်လင်နဲ့  စည်စည်ကားကား စည်းလုံးညီညွတ်စွာနဲ့ ပြန်လည် ဆုံတွေ့ချင် ပါတယ်။ 

 

 

ဦးမျိုးနိုင်ဦး (အာခါတိုင်းရင်းသားလူမျိုး) ကျိုင်းတုံမြို့နယ်

 

ကျွန်တော်ကတော့ ကျိုင်းတုံမြို့နယ်က လာရောက်တာ ဖြစ်ပါတယ်၊ အာခါတိုင်းရင်းသား လူမျိုးဖြစ်ပါတယ်။ အများကြီး ဝမ်းသာအားရ ကျေနပ်ပီတိ ဖြစ်မိပါတယ်။ အခုမှပဲ ကျွန်တော်တို့ အာခါ တိုင်းရင်းသားတွေကို မြန်မာသာမက ကမ္ဘာက သိရှိအောင် ဖော်ထုတ် ပြသခွင့် ရခဲ့ပါတယ်။ ကျွန်တော်တို့ ရှေးရှေးယခင်က သိမ်းထားတဲ့ အသုံးအဆောင် ပစ္စည်းတွေကလည်း တန်ဖိုးကြီးမားပြီး ပျောက်ပျက်မှာလည်း စိုးရိမ်တယ်။ ယူလာရတာလည်း ဝေးတဲ့အတွက် ခေတ်ရေစီးကြောင်းနဲ့အညီ ဝတ်စုံများကိုသာ ဦးစားပေးလာ ရောက်ပြသခြင်း ဖြစ်ပါတယ်။

 

 

ဗျာဆာမိုးရီ (လီဆူတိုင်းရင်းသားလူမျိုး) တောင်ကြီးမြို့နယ်

 

ကျွန်တော်တို့ လီဆူတိုင်းရင်းသားရိုးရာ စားသောက်ဆိုင်မှာ အဓိကရောင်းတဲ့ အစားအသောက်များကတော့ ဝက်ခြေတောက်မျှစ်ချဉ်၊ တောခရမ်းချဉ်သီး ထမင်းသုပ် စတာတွေ ရောင်းပါတယ်။ ရိုးရာ အစားအသောက်တွေကို လာရောက်ပြသ ရောင်းချခွင့်ရတဲ့ အတွက် အထူးပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်။

 

 

 

တွမ်းဟန်နာ (လီဆူတိုင်းရင်းသူ) တောင်ကြီးမြို့နယ်

 

တိုင်းရင်းသားပေါင်းစုံနဲ့ ယခုလိုတွေ့ရတဲ့ အတွက်ရယ် ကိုယ့်တိုင်းရင်းသားလူမျိုးရဲ့ အစားအသောက်ကို အခြားတိုင်းရင်းသားများက သိရှိစေနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ နောင်နှစ်တွေမှာ ကျင်းပခွင့် ရရှိခဲ့မယ်ဆိုရင်တော့ ဒီထက်ပိုမိုပြီး ကောင်းမွန်အောင်၊ ပြည့်စုံအောင်၊ အမယ်များအောင် ရောင်းချဖို့အတွက် စဉ်းစားနေပါတယ်။ နှစ်တိုင်းနှစ်တိုင်း အခုလို ပွဲတော်မျိုးကို ကျင်းပပေးမယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း ပိုပြီး ရင်းနှီးချစ်ခင်ပြီး စည်းလုံးမှုပိုမိုရရှိမယ်လို့ ထင်မြင်ပါတယ်။

 

သတင်း- ဝေယံလင်း(ပြန်/ဆက်)

တွေ့ဆုံမေးမြန်းသူ- နန်းဦးခမ်း၊ ဓာတ်ပုံ- ဦးစိုင်းဇော်လတ်၊ ဦးမိုးလွင်ဦး