တိုင်းရင်းသားလူမျိုးများစာရင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး သဘောတူညီချက် ရရှိချိန်တွင် ထုတ်ပြန်သွားမည်

နေပြည်တော်  ၅  ဖေဖော်ဝါရီ

 

တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်သို့စီစဉ် ဆောင်ရွက်ထားကြောင်း ယနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မက်မန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက မေးမြန်းခဲ့ပါတယ်။

 

အဆိုပါ မေးမြန်းချက်နဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာမှာတော့ ဝန်ကြီးဌာန အနေနဲ့လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ ကောက်ယူရရှိတဲ့ လူမျိုးစုစာရင်းများမှာ တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမ အသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းစတဲ့ ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာ ရှိနေသဖြင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ပြီးမှသာလျှင် ထုတ်ပြန်သွားဖို့ လျာထားတယ်လို့ ဆိုပါတယ်။

 

ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရာတွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နဲ့ တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်များနဲ့ လူဦးရေပညာရှင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးတော့မှ ညှိနှိုင်းသဘောတူညီချက် ရရှိချိန်တွင် တိုင်းရင်းသားလူမျိုးများစာရင်းကို ဆက်လက် ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

 

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြားရာတွင် “မြန်မာနိုင်ငံမှာ လူမျိုးစာရင်းကောက်ယူခြင်းကို လွတ်လပ်ရေးမရမီ အင်္ဂလိပ်အစိုးရလက်ထက် ၁၉၁၁ ခု၊ ၁၉၂၁ ခုနဲ့ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းများမှာ ကောက်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာလည်း ၁၉၅၃-၁၉၅၄ ခုနှစ် သန်းခေါင်စာရင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကိုလည်း ကောက်ယူခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါကြောင်း၊ အဆိုပါ ၁၉၂၁ ခုနှစ်နဲ့ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာပါ မှတ်တမ်းများအရ လည်းကောင်း၊ ရိုဟင်ဂျာလူမျိုး အမည်ကို မည်သည့် သန်းခေါင်စာရင်းတွင်မှ မတွေ့ရကြောင်း မှတ်တမ်းများအရ သိရတယ်ဟု ” ပြောသည်။

 

“အလားတူ လွတ်လပ်ရေးရပြီးနောက် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးနွယ်စု အမည်စာရင်း သတ်မှတ်ပြုစုရာတွင်လည်း ၁၉၃၁ ခုနှစ်တွင် ပြုစုသော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအပေါ် အခြေခံပြီးလည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် စာရင်းအရလည်းကောင်း၊ ၁၉၆၁ ခုနှစ် ယဉ်ကျေးမှုဝန်ကြီးဌာန အောက်မှာရှိတဲ့ ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံးရဲ့ အကြံပြုချက်နှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ရဲ့ အကြံပေးချက်အရ လည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသား လူမျိုးစုရေးရာ ကော်မတီ ညှိနှိုင်းပေးချက် အရလည်းကောင်း လူမျိုးစာရင်းကို ပြုစုပြီးတော့မှ ၁၉၇၃ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါ သန်းခေါင်စာရင်းတွင်လည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် ရိုဟင်ဂျာလူမျိုး မပါရှိကြောင်း တွေ့ရပါတယ်ဟု ” ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

 

ဒါ့အပြင် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိက ထုတ်ဝေတဲ့မီဒီယာများမှာလည်း ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို ထည့်သွင်းအသုံးမပြုဘဲ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစာရင်းတွင် မပါဝင်ကြောင်း ကြိမ်ဖန်များစွာ ဖော်ပြပြီးလည်းဖြစ်တဲ့အပြင် ဖော်ပြဆဲလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းများ၊ သံအမတ်ကြီးများ၊ UN အဖွဲ့အစည်းများမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ကြီးများကလည်း ၎င်းအသုံးအနှုန်းကို သုံးစွဲခြင်း၊ အသိအမှတ်ပြုခြင်း မပြုဘဲနဲ့ ထိုသို့သုံးစွဲလာတဲ့ အခြားသော ကိုယ်စားလှယ်များကိုလည်း အစည်းအဝေးများမှာ တရားဝင် သုံးစွဲခေါ်ဆိုလာပါက တရားဝင်ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ထောက်ပြခြင်းများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိတယ်လို့ ဆိုပါတယ်။

 

အာဆီယံအစည်းအဝေးများ၊ ကမ္ဘာ့နိုင်ငံများ၊ UN အဖွဲ့အစည်း၊ INGO များက ပြုလုပ်တဲ့ နိုင်ငံတကာ အစည်းအဝေးများကို သွားရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းများကို တက်ရောက်တဲ့ ဝန်ကြီးဌာန အသီးသီးမှ အဆင့်ဆင့်သော ဝန်ထမ်းများကလည်း ၎င်းကိစ္စနှင့် ပတ်သက်၍လည်း အလားတူ စဉ်ဆက်မပြတ် တုံ့ပြန်ပြောကြားလျက်ရှိပြီး ထိုကဲ့သို့ ဆောင်ရွက်ချက်များသည် မြန်မာတိုင်းရင်းသားလူမျိုး မျိုးနွယ်စုများမှာ ရိုဟင်ဂျာ လူမျိုးမပါရှိကြောင်း ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းအသီးသီးများ သိရှိအောင် လုပ်ဆောင်နေခြင်းပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

မျိုးထက်ဦး(MDN)