တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲကျင်းပ

ဘားအံ ၂၈ ဇွန်

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းရှိ အဆိုပါ အဆောက်အအုံ၌ ကျင်းပခဲ့သည်။

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ ဗမာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူး ရုံးအဆောက်အအုံဆိုင်းဘုတ်ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ရုံးအဆောက်အအုံအတွင်း ခင်းကျင်းပြသထားသည့် တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ ဓာတ်ပုံများနှင့် ရုံးခန်းအား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။

 

ယင်းနောက် ရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ် မွန်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ဦးမင်းတင်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရုံးအဆောက်အအုံသစ်ဆောက်လုပ်မှုကိုလည်းကောင်း၊ အင်ဂျင်နီယာချုပ်ဦးမျိုးမြင့်က အဆောက်အအုံ ဆောက်လုပ်ခဲ့မှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရုံးအဆောက်အအုံသစ်ဖွင့်ပွဲတွင် လာရောက်ကပြဖျော်ဖြေသော တိုင်းရင်းသားယဉ်ကျေးမှုအက အဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် ၃ သိန်းစီကို ဗမာတိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။

 

အဆိုပါ ရုံးအဆောက်အအုံသစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၈၇ ဒသမ ၁ သန်းဖြင့် ခြံစည်းရိုး၊ ဝင်ထွက်လမ်း၊ ရေ၊ မီးပါ (၈၀ ပေx၆၀ ပေx၂၄ ပေ) RC နှစ်ထပ် အဆောက်အအုံအမျိုးအစားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၁၃)က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခု အဆောက်အအုံသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည့် တတိယမြောက် အဆောက်အအုံလည်း ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)