တိုင်းရင်းသားများအား သင်ကြားပေးမည့် သက္ကမ(ဒိုင်းနက်) တိုင်းရင်းသား စာပေပြုစုပြီးစီး

မင်းပြား ၃ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်အတွင်း ပျံ့နှံ့နေထိုင်လျက်ရှိသည့် သက္ကမ(ဒိုင်းနက်) ကလေးသူငယ်များကို သင်ကြားပြသနိုင်ရန် သက္ကမ(ဒိုင်းနက်) စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းရင်းသားစာပေများကို ပြုစုပြီးဖြစ်ကြောင်း သက္ကမ(ဒိုင်းနက်) ရဟန်းအရှင်ဇောတိပါလက မိန့်ကြားသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် ဇန်နဝါရီ ၁၅ ရက်ကကျင်းပသည့် ရခိုင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ  တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေ၏ တိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့် မိမိတို့ တိုင်းရင်းသားအသီးသီးတို့၏ စာပေများကိုပြုစု၍ သင်ကြားပေးနိုင်အောင် စီစဉ်ဆောင်ရွက်ကြရန် မှာကြားချက်ကြောင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သက္ကမ(ဒိုင်းနက်) စာပေကို ရှာဖွေစုဆောင်းပြုစုပြီးဖြစ်ရာ၊ ရခိုင်ပြည်နယ်အတွင်း ဖြန့်ခွဲနေထိုင်လျက် ရှိကြသည့်  မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ သက္ကမ(ဒိုင်နက်) တိုင်းရင်းသားတို့ နေထိုင်ရာ ကျေးရွာများမှ တိုင်းရင်းသားလူငယ်များကို စုစည်း၍၊ ယခုနှစ် နွေရာသီ ကျောင်းပိတ်ရက်ကာလတွင် လမ္မာဇီးကုန်းကျေးရွာ၌ သင်ကြားပေးနိုင်ရန် စီစဉ်ထားပြီး  သက္ကမ (ဒိုင်းနက်) စာပေသင်ကြားပေးမည့် ဆရာ၊ ဆရာမများနှင့် ညှိနှိုင်း၍ တိုင်းရင်းသားလူငယ် ၅၀ ဦးတို့အား သင်ကြားပေးရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

သက္ကမ(ဒိုင်းနက်) တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရခိုင်ပြည်နယ်)ကို ရခိုင်ပြည်နယ် အတွင်းရှိ သက္ကမ(ဒိုင်းနက်) တိုင်းရင်းသားတို့ နေထိုင်ရာ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

မောင်မောင်ကျော့(ပလက်ဝ)