တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ပြောကြား

လွိုင်ကော်   ၅  မတ် 

 

ကယားပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုကဏ္ဍမြှင့် တင်ရေးအတွက် လိုအပ်လျက်ရှိသည့် လုပ်ငန်းအမျိုးအစားအလိုက် ဘဏ္ဍာငွေလျာထား ချက်များ၊ လိုအပ်ချက် အခက်အခဲများ၊ ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးရမည့်ကဏ္ဍများ ၊  တိုင်းရင်းသားများ၏ သမိုင်းကြောင်း အထောက်အထားများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အကောင်အထည် ဖော်မည့် လုပ်ငန်း ဆောင်ရွက်မှုအပိုင်းများ၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးရမည့် အချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြကြရန် လိုအပ်ကြောင်းဖြင့် ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မတ်လ ၁ ရက်နေ့က  ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး အကြိုညှိနှိှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ဗမာတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးလှမျိုးဆွေတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များက မိမိတို့၏ စာပေသင်ကြား ပေးနေမှုများ၊ ယဉ်ကျေးမှု အခန်းကဏ္ဍဆောင်ရွက်နေမှု အခြေအနေများအား တင်ပြဆွေးနွေး ဆောင်ရွက်ကြသည်။

 

 

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေးအတွက် ဖော်ထုတ် ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အခြေခံပညာကျောင်းများ တွင် တိုင်းရင်းသား စာပေသင်ကြားပေးနေမှု အခြေအနေများအား တင်ပြဆွေးနွေးကြပြီး တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှု ပညာရှင် ဦးပီမောင်စိုးက လိုအပ်သည်များကို ဖြည့်စွက်အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိ အနေဖြင့် တိုင်းရင်းသား အခန်းကဏ္ဍကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်များ ပိုမိုပေါ်လွင် ထင်ရှားလာအောင် အစိုးရအဖွဲ့ အားကိုယူပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့များနှင့် တိုင်းရင်းသားအခန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် ပြန်/ဆက်ဦးစီးဌာနမှ  သတင်းရရှိသည်။

 

MDN

 

SHARE THIS ON SOCIAL MEDIA