တိုင်းရင်းသားပေါင်းစုံ စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

လဲချား ၉ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ် နောင်ပန်ကျေးရွာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၆ ရက်က ILO (International Labour Organization) နှင့် လဲချားမြို့နယ် လူငယ်ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအသင်း(CBY) တို့ ပူးပေါင်း၍ တိုင်းရင်းသား လူမျိုးပေါင်းစုံ စွမ်းရည်မြှင့် သင်တန်း (ဒုတိယပတ်) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကျောင်းတွင် တိုင်းရင်းသားလူမျိုး၊ ဘာသာ၊ ပညာအရည်အချင်းမရွေး နှစ်စဉ် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စက်ချုပ်သင်တန်း၊ စက်ပြင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အမျိုးသမီးအိမ်တွင်းမှု (အပ်ချုပ်) သင်တန်းနှင့် စက်ပြင်သင်တန်းကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ပထမပတ် သင်တန်းပြီး၍ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ တစ်လတာ ဒုတိယပတ် သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်သည်။

 

ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းကို အခြေခံမှစ၍ ဘာသာရပ်ပြီးဆုံးသည်အထိ တစ်နှစ်ပတ်လုံး နေ့စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သက်ဆိုင်ရာ သင်တန်းများကို မြို့နယ်အတွင်းမှ လူငယ်များသာမက လားရှိုး၊ သီပေါ၊ မိုင်းနောင်၊ ကျေးသီး အစရှိသည့် မြို့နယ်အသီးသီးမှ လူမျိုးပေါင်းစုံတို့က သင်တန်းကျောင်းတွင် နေထိုင်လျက် သက်ဆိုင်ရာ ဘာသာရပ်များကို လာရောက်သင်ကြားလျက်ရှိသည်။

 

အဆိုပါ သင်တန်းကို လူမျိုးဘာသာမရွေး တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်မှု ရရှိစေရန်၊ တိုင်းရင်းသား လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ကင်းဝေးစေရန်၊ အမြို့မြို့ အနယ်နယ်မှ လာရောက် သင်ကြားမှုကြောင့် မြို့ရွာဒေသ တစ်ခုချင်းစီမှ လူမှုဆက်သွယ်ရေး ကောင်းမွန်၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊ တိုင်းတစ်ပါး နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ နေရာဒေသများတွင် ထိုပညာများဖြင့် မိမိတို့ ဝမ်းစာအတွက် လုပ်ကိုင် စားသောက်နိုင်စေရန်၊ ထိုအတတ်ပညာများဖြင့် ပြည်ထောင်စု နိုင်ငံအတွင်း မိမိလူမျိုး၊ မိမိဒေသအား ပြန်လည် ပံ့ပိုးပေးနိုင်စေရန်အတွက် ရည်ရွယ်လျက် ထိုသင်တန်းကျောင်းအား တည်ဆောက်၍ အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးရခြင်းဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းမှ ပရဟိတ ကျောင်းအုပ်ဆရာ စိုင်းထွန်းယီက ရှင်းလင်း ပြောကြားသည်။

 

သင်တန်းကျောင်းတွင် သက်ဆိုင်ရာ ဘာသာရပ်များကို နေ့စဉ် သင်ကြားပို့ချ ပေးလျက်ရှိပြီး သင်တန်းသား ၃၆ ဦး၊ သင်တန်းသူ ၃၂ ဦး စုစုပေါင်း ၆၈ ဦးက မိမိတို့၏ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြား လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)