တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တကြသည့်အရာ

ယနေ့ မြန်မာပြည်သူများ အလိုလားအတောင့်တဆုံးသောအရာသည် ငြိမ်းချမ်းရေးသာဖြစ်သည် ဟုဆိုလျှင် ငြင်းဖွယ်ရှိမည်ဟု မထင်ပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မငြိမ်းချမ်းမှု သည် ယနေ့တိုင်ဖြစ်ရာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်နှင့် ကာလရှည်ခဲ့ပြီ။ ကမ္ဘာတွင် အရှည်ကြာ ဆုံးသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအဖြစ်လည်း ကမ္ဘာ့သမိုင်းမှာ ကမ္ပည်းတင်ခဲ့ပြီဖြစ်သည်။

 

ငြိမ်းချမ်းရေးကို စစ်မက်ဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသူ များရော၊ ပစ်ခတ်တိုက်ခိုက်မှုများ ကင်းဝေးရာဒေသများတွင် နေထိုင်ကြ သူများကပါ လိုလားတောင့်တကြခြင်းဖြစ်သည်။ ငြိမ်းချမ်း ခြင်း ၏ ပကတိသဘောက အေးချမ်းခြင်း၊ သာယာခြင်း၊ ကြောက်ရွံ့ ထိတ်လန့် ရခြင်းတို့ ကင်းဝေး ခြင်း၊ အနှောင့်အယှက်တို့ကင်းခြင်း၊ ညီညွတ်မျှတခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းတို့ ပေါင်းစုပါဝင်နေ သည် ဖြစ်ရာ လူတိုင်းက လိုလားတောင့်တကြခြင်းမှာလည်း သဘာဝကျလှသည်။ စစ်တလင်းမှာ မည်သူမျှ မနေလို။ စစ်မြေပြင်မှာ မည်သူမျှ မအိပ်စက်လို။ ကိုယ့်ဝမ်းစာကို စိတ်ဖြောင့်ဖြောင့်၊ အကြောက်ကင်းကင်းဖြင့် ရှာဖွေ၍ မရသည့်နေရာ၊ ကိုယ့်သားငယ်သမီးငယ်များ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်ခွင့်မရနိုင်သည့် နေရာ၊ လူမှုရေး၊ ကျန်းမာရေးတို့ ဆုတ်ယုတ်ကျဆင်းနေသည့်နေရာမျိုး မှာ မည်သူမျှ နေလိုကြမည်မဟုတ်။ ကာလကြာရှည်သည့် စစ်ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတို့ နှောင့်နှေးနေခဲ့သည်။ ကမ္ဘာ့နိုင်ငံများ၏ အဆင့်အတန်းများတွင် အောက်တန်းဆီသို့ ရောက်ခဲ့ရသည်။ မငြိမ်းချမ်း နိုင်ခဲ့သည့်အတွက် မဖွံ့ဖြိုးနိုင်ခဲ့။

 

ပြည်သူအားလုံးက ငြိမ်းချမ်းရေးကို ဆန္ဒအာသီသတို့ကြီးစွာ လိုလားကြပါလျက် စစ်ကိုမစွန့် လွှတ် နိုင်သူ၊ မငြိမ်းချမ်းခြင်းမှ အကျိုး အမြတ်များစွာ ဖြစ်ထွန်းနေသူ၊ ငြိမ်းချမ်းရေးကို အပြောသက်သက် ဖြင့် လှည့်ဖြားကာ ကိုယ်ကျိုးရှာနေသူများကြောင့်သာ ပြည်သူတို့၏ လိုအင် ဆန္ဒတို့နှင့် ဆန့်ကျင်စွာ စစ်ပွဲများ၊ တိုက်ပွဲများ၊ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟုပင် ကောက်ချက်ဆွဲရပေတော့မည်။ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းလိုက်တိုင်း၊ ငြိမ်းချမ်းရေးကို ဦးတည် သည့် စားပွဲဝိုင်းဆွေးနွေးမှုများ ပြုလုပ်လိုက်တိုင်း တောင်ပေါ်၊ မြေပြန့်၊ အထက်၊ အောက် နိုင်ငံတစ်လွှား ရှိရှိသမျှ ပြည်သူများက မျှော်လင့်ခြင်း များစွာဖြင့် နားစွင့်ကြသည်။ ငြိမ်းချမ်းရေး သည် ပြည်သူပြည်သား အားလုံးတို့၏ပစ္စုပ္ပန်နှင့်ရော အနာဂတ်နှင့်ပါ သက်ဆိုင်နေသည်။ စားပွဲ ဝိုင်းများမှ ထွက်ပေါ်လာသည့် ရလဒ်များဖြင့် နိုင်ငံ၏ အနာဂတ်ကို မျှော်လင့်လိုကြသည်၊ စိတ်ချလိုကြသည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ရာ ယခုနှစ်တွင် (၄) နှစ်မြောက်သက်တမ်း သို့ ရောက်ခဲ့ပြီဖြစ်သည်။ NCA ၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များနှင့်အညီ ပစ်ခတ်တိုက်ခိုက်မှု များ လျော့ကျသွားပြီး နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေး ဆီသို့ဦးတည်သွားနိုင်သည့် အလားအလာ ကောင်းသောနယ်မြေဒေသများ လည်း ပေါ်ထွန်းလာခဲ့သည်။ သို့ရာတွင် ပြည်သူများ မျှော်လင့်မျှော်မှန်းခဲ့ ကြသည့် အနေအထားနှင့်တော့ အလှမ်းဝေးလှပါသေးသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသည် ခရီးမတွင်လှသေး။

 

တိုက်ခိုက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများကြားမှ တိုင်းရင်းသား ပြည်သူများ၏ အတိဒုက္ခ များအကြောင်း၊ အပြစ်မဲ့မြေစာပင်တိုင်းရင်းသား ပြည်သူများ၏ ပျက်စီးဆုံးရှုံးမှုအဖုံဖုံတို့၏ အကြောင်းများကို မီဒီယာများက နည်းလမ်းမျိုးစုံတို့ဖြင့် တင်ပြခဲ့ကြသလို လက်နက်ကိုင် ပဋိပက္ခ တွင် ပါဝင်ကြသူအားလုံး အတိတ်ကို သင်ခန်းစာယူရေး၊ အတိတ်၏ ဥခွံထဲမှ ရုန်းထွက် လာနိုင်ကြ ရေး၊ အထင်အမြင် လွဲမှားမှုများ၊ သံသယနှင့် အာဃာတတို့ကို ချေဖျက်နိုင်ကြရေး၊ စိတ်ရှည်သည်းခံ သဘောထားကြီးမှု၊ အပြန်အလှန်နားလည်လက်ခံမှု၊ အပြန်အလှန်လေးစားမှု၊ စိတ်စေတနာ မှန်ကန် ရိုးသားမှုတို့ဖြင့် ဆွေးနွေးကြရေးစသည် စသည်ဖြင့် တင်ပြခဲ့ကြသည်မှာလည်း ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြု၍ တင်ပြခဲ့ကြခြင်း ပင်ဖြစ်သည်။

 

နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြီးကို လေး၊ ငါးနှစ်တာမျှနှင့် မဖြေရှင်းနိုင်ကြောင်းကို ပြည်သူ များက နားလည်လက်ခံသဘောပေါက်ကြသလို နောက်ထပ်ဆယ်စုနှစ် များနှင့်ချီ၍ အဖြေရှာမတွေ့နိုင်သည့်အဖြစ်မျိုးကိုလည်း ပြည်သူများက လက်ခံနိုင်ကြမည် မဟုတ်ပါပေ။ တိုင်းရင်းသားပြည်သူများ၏ လိုလားတောင့်တမျှော်လင့်ကြသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဟူသော ဆန္ဒ၊ အာသီသကို ရိုးသားစွာဖြည့်ဆည်းပေးခြင်း ဖြင့် နိုင်ငံ့ သမိုင်းကို ရေးထိုးနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း