တိုင်းရင်းသားပြည်သူများ ကျန်းမာရေး

၇ စက်တင်ဘာ

 

ကျန်းမာရေးဝန်ထမ်းများသည် ဆေးကုသမှုခံယူကြမည့် တိုင်းရင်းသားပြည်သူများအတွက် အားကိုးအားထားပြုရသူများဖြစ်သည်။ အထူးသဖြင့် အဓိကဆေးကုသပေးမည့် ဆရာဝန်များကို ပိုမိုမျှော်လင့်ကြသည်။ မြို့ပြများတွင် ဆရာဝန်များနှင့် ထိတွေ့ကုသရန် မခဲယဉ်းသော်လည်း ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင်မူ ဆရာဝန်များနှင့် ထိတွေ့ကုသရန်မှာ လွယ်ကူသောအလုပ်မဟုတ်ချေ။

 

 

နိုင်ငံ၏လူဦးရေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆရာဝန်အချိုးအစား မျှတမှုမရှိသောကြောင့် ဆရာဝန်ဆိုသည်မှာ အဖိုးတန်ရှားပါးသော အရာဖြစ်နေသည်။ ထိုဒေသများတွင်မူ ရှာဖွေမရနိုင်သော ပုဂ္ဂိုလ်များဖြစ်သည်။ ကျန်းမာရေးကဏ္ဍ၌ လိုအပ်လျက်ရှိသည့် ဆရာဝန်များကို နိုင်ငံတော်က နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသော်လည်း ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် လိုအပ်မှုများရှိနေသည်ကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။

 

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အစဉ်အဆက်လိုအပ်ချက်ဖြစ်နေသော ကျန်းမာရေးကဏ္ဍအတွက် ဝန်ထမ်းများကို နှစ်စဉ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိနှစ်နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ထမ်းအသစ် နှစ်သောင်းကျော်ကို ခန့်ထားပေးခဲ့သည်။ ယင်းတွင် ဆရာဝန် ၂၇၂၈ ဦး၊ သူနာပြု ၃၆၅၄ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၄၃၄ ဦး၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၁၀၆ ဦး၊ ကျန်းမာရေးမှူး ၃၀ဝ၊ ကျန်းမာရေးကြီးကြပ် ၃၀ဝဝ နှင့် အခြားကျန်းမာရေးဝန်ထမ်းများကို ဒေသအလိုက်ခန့်ထားပေးခဲ့သည်။

 

 

နိုင်ငံတော်က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများကို စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးနေသော်လည်း ဝေးလံသောဒေသများတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေဆဲဖြစ်သည်။ အထူးသဖြင့် ထိုဒေသများတွင် ဆရာဝန်မရှိသဖြင့် ပြည်သူများအတွက် ကျန်းမာရေးအခက်တွေ့လျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးနှင့် နေထိုင်မှုဘဝ ခက်ခဲသောထိုဒေသများ၌ ကျွမ်းကျင်ပညာရှင် ဆရာဝန်များမှာ ရေရှည်မနေထိုင်နိုင်သောကြောင့် နိုင်ငံတော်က ဆရာဝန်များကို အလှည့်ကျစေလွှတ်ပေးနေရသည်။ 

 

 

ကျန်းမာရေးကဏ္ဍရှိ ဆရာဝန်လိုအပ်ချက်မှာ လူဦးရေများပြားသော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများတွင်လည်း လိုအပ်ချက်မြင့်မားနေပြီး ထိုနိုင်ငံများနှင့်နှိုင်းစာလျှင် မြန်မာနိုင်ငံသည် သင့်တင့်သည်ဟု ဆိုနိုင်သည်။ နိုင်ငံ၏လူဦးရေ တစ်သောင်းတွင် ဂျပန်နိုင်ငံ၌ ဆရာဝန် ၂၃ ဦး၊ စင်ကာပူ၌ ၁၉ ဒသမ ၅ ဦး၊ ဗီယက်နမ်၌ ၁၁ ဒသမ ၉ ဦးရှိပြီး မြန်မာနိုင်ငံ၌ ၆ ဒသမ ၁ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

 

 

မြန်မာနိုင်ငံ၌ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် ဆရာဝန်လိုအပ်ချက်မှာ အစဉ်အဆက်ဖြစ်ပေါ်လျက်ရှိရာ ယင်းကို ကုစားနိုင်ရန်အတွက် မကြာသေးမီက ဆောင်ရွက်လိုက်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုမိသည်။ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့်သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ‘ဝ’ ဒေသတို့မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား အထူးအခွင့်အရေးအဖြစ် ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အဆင့်မြင့်ပညာအဆင့်တွင် အမြင့်ဆုံးဖြစ်သည့် ဆေးတက္ကသိုလ်သို့ ထိုဒေသမှတိုင်းရင်းသားများအား အထူးအခွင့်အရေးပေးလိုက်ခြင်းသည် ကျန်းမာရေးကဏ္ဍအတွက် တိုးတက်မှုလက္ခဏာဖြစ်သည်။

 

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ လိုအပ်မှုရှိနေသော ဆရာဝန်ကဏ္ဍအတွက် ရရှိလာမည့်အခွင့်အရေးကို ဒေသခံတိုင်းရင်းသားများ လက်လွတ်မခံဘဲ ဆေးပညာများကို သင်ကြားပြီး မိမိတို့၏ဒေသ၊ မိမိတို့၏ တိုင်းရင်းသားမိဘပြည်သူများအား ထာဝရကျန်းမာရေးစောင့်ရှောက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ