တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းအဆိုတင်သွင်း

မန္တလေး ၃၀ မတ်

 

မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းအဆိုကို ယနေ့ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်း အဝေးတွင် တင်သွင်းခဲ့သည်။

 

 

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ဦးမြင့်အောင်မိုးမှ ဝမ်းနည်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

 

 

‘ဦးစိုင်းကျော်ဇော သက်ရှိထင်ရှားရှိစဉ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တာဝန်နှင့် ဝန်ကြီးတာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပါတယ်။ သို့ဖြစ်ပါသဖြင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ အထူးဝမ်းနည်းကျေကွဲရပါကြောင်း လွှတ်တော်တွင်မှတ်တမ်းတင် ပေးနိုင်ရန်အတွက် အဆိုကိုတင်သွင်းရပါတယ်’ဟု ဦးမြင့်အောင်မိုးမှ ပြောသည်။

 

 

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ သဘာပတိအဖြစ် တင်မြှောက်ခြင်းခံရသည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင်  တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ကတိသစ္စာပြုခဲ့သည်။ 

 

 

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက် မနက်တွင် ဦးနှောက်အတွင်းသွေးယိုစီးမှုဝေဒနာဖြင့် အသက် ၆၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။  

 

 

အိမို့မို့ခိုင်