တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ပုံစံများရေးဆွဲထားသည့် ခေတ်စုံအလှစုံ ပန်းချီပြပွဲ ကျင်းပမည်

မန္တလေး ၃၀ ဇွန်

 

မန္တလေးမြို့ခံပန်းချီဆရာ ဦးမာလာမှ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပုံစံများရေးဆွဲထားသည့်   ခေတ်စုံ အလှစုံ (၃)  ပန်းချီပြပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ဇူလိုင်(၁၆)ရက်မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

ယခင် ပြသခဲ့သည့် ခေတ်စုံ အလှစုံ ပြပွဲများမှာ မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုများကို ပြသခဲ့ခြင်း ဖြစ်ပြီး ယခု ပြပွဲတွင် မြန်မာနိုင်ငံအတွင်းမှီတင်း နေထိုင်ကြသည့် တိုင်ရင်းသားတို့၏ ရိုးရာဝတ်စားဆင်ယင်မှု ဓလေ့များကို ဖော်ထုတ်ဂုဏ်ပြုရေးဆွဲ၍ ပြသမည့် ပြပွဲဖြစ်ကြောင်း ပန်းချီဆရာ ဦးမာလာက ပြောသည်။

 

" လူတော်တော်များက ကိုယ့်နိုင်ငံအတွင်းမှာနေကြတဲ့ တိုင်းရင်းသားတွေရဲ့ဝတ်စားဆင်ယင်မှုကို အမှတ်တမဲ့နေကြတယ်။ သူတို့တွေက ဒီနေ့ဒီချိန်ထိ သူတို့ရဲ့ ရိုးရာဝတ်စုံကို အမြတ်တနိုး ဝတ်ဆင်နေတယ်ဆိုတာ တွေ့ရတဲ့အပြင် ကျွန်တော်တို့နိုင်ငံမှာ ဒီလိုချစ်စရာကောင်းတဲ့ဝတ်စားဆင်ယင်မှုတွေ ဘာသာစကားနဲ့ ကိုးကွယ် ယုံကြည်မှုတွေ ကွဲပြားစွာရှိနေကြပေမယ့် တိုင်းရင်းသားအားလုံး ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြတယ်ဆိုတာကို ပြသချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီပြပွဲကို ကျင်းပခြင်းဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ ပြပွဲတွင် ရေဆေးရွက်ပြည့် ၃၂ကားခန့် နှင့် အက်ခရိုင်းလစ် ပန်းချီကား ၅ ကားခန့် ပါဝင်ပြသ သွားမည်ဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်ရင်းသားများနှင့် တခြားသော တိုင်းရင်းသား စုစုပေါင်း ၁၅ မျိုးကျော်  ပါဝင် ပြသသွားမည်ဖြစ်သည်။

 

ခေတ်စုံ အလှစုံ (၁) ပန်းချီ ပြပွဲအား ၂၀၁၆ ခု နှစ်တွင် ရန်ကုန်မြို့ အမျိုးသား ပြတိုက်၌ လည်းကောင်း။ ခေတ်စုံ အလှစုံ ၂ ပန်းချီပြပွဲအား ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့  ချက်ထရီယမ် ဟိုတယ်၌ ကျင်းပခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)