တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရောင်စုံဓာတ်ပုံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်

ရန်ကုန်  ၈  ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ "တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်များ" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားပါမည်။

 

အဆိုပါပြိုင်ပွဲတွင် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ နေရာဒေသများ၊ ရိုးရာပွဲတော်များ၊ စာပေဂီတ ရိုးရာအသုံးအဆောင်များနှင့် ဝတ်စားဆင်ယင်မှုများစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

 

ပြိုင်ပွဲစည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က)      ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။

 

 ( ခ )      ပြိုင်ပွဲဝင်ဓာတ်ပုံသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံဖြစ်ရမည်။

 

 ( ဂ )      ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ × ၁၄ လက်မ အရွယ်အစားတစ်မျိုး တည်းသာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုံအရေအတွက် အကန့်အသတ်မရှိ ပါဝင်ယှဉ်ပြိုင် နိုင်ပါသည်။

 

 (ဃ)      မည့်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။

 

 ( င )      ဒီဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသောဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့် ဓာတ်ပုံများအား ယှဉ်ပြိုင်ခြင်းမပြုရပါ။

 

 ( စ )      ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသောဓာတ်ပုံများ မဖြစ်ရပါ။

 

  (ဆ)      ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပေးပို့ရာတွင် ဓာတ်ပုံအရွယ်အစား၊ ၁၀ လက်မ × ၁၄ လက်မ ဓာတ်ပုံ Hard Copy နှင့် Soft Copy(CD) ကို ပူးတွဲပေးပို့ရမည်။

 

 ( ဇ )      ပြိုင်ပွဲဝင်ဓာတ်ပုံတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံတိုင်း၏နောက်ကျော၌ သီးခြားစက္ကူဖြင့်ကပ်၍ တစ်ပါတည်းပူးတွဲတင်ပြပြီး ကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝန်ခံချက်ပါရှိရမည်။

 

 ( ဈ )     ပြိုင်ပွဲကျင်းပသည့်ဌာနအနေဖြင့် ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာ ပို့ချမှုများနှင့် ဗီဒီယိုမှတ်တမ်းများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရပါမည်။

 

ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု သုံးသိန်းကျပ်၊ ဒုတိယဆု နှစ်သိန်းငါးသောင်းကျပ်၊ တတိယဆု နှစ်သိန်းကျပ်နှင့် အထူးဆု တစ်သိန်းကျပ်စီ စုစုပေါင်း ဆု (၈) ဆု ချီးမြှင့်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၁၈ ခုနှစ်၊ မတ်လ ( ၁၀ ) ရက်နေ့၊ ညနေ (၄) နာရီ နောက်ဆုံး ထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ၎င်းနေ့ထက် ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN