တိုင်းရင်းသူလေးများအကြောင်းကို စိတ်ကူးပုံဖော်ထားသည့် ခေတ်စုံ အလှစုံပန်းချီပြပွဲ(၃) ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြသ

ရန်ကုန်   ၁၇   ဇူလိုင် 

 

ရိုးသားဖြူစင်သော စိတ်ထားလှမျက်နှာနှင့် ရိုးရာယဉ်ကျေးမှု ဝတ်စုံလေးများကို ဖော်ကြူးထားသော တိုင်းရင်းသူလေးများ အကြောင်းကို စိတ်ကူးပုံဖော်ထားသည့် ပန်းချီဦးမာလာ၏ ခေတ်စုံအလှစုံ ပန်းချီပြပွဲ(၃)ကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြသလျက်ရှိကြောင်း သိရသည်။

 

 

ပြသထားသော ပန်းချီကားများတွင် အလင်းအမှောင်ပြင်းပြင်း ကစားထားခြင်းမရှိဘဲ မျက်နှာခံစားမှုနှင့် အဝတ်အစား၏ ထူးခြားမှုကို ဦးစားပေးရေးသားထားကာ တိုင်းရင်းသူလေးများ၏ ရုပ်ပုံလွှာကို ဒူးအထက်ပိုင်းမှ စတင်ဖော်ပြ၍ အရွယ်အစားညီ ရေးဆွဲထားသည်ကို တွေ့ရသည်။ ရိုးသားပြီး အပြစ်ကင်းစင်သော တိုင်းရင်းသူလေးများ၏ ပုံရိပ်နောက်ခံအဖြစ် ထူးခြားပြီး လူသိများသော ရှုခင်းနောက်ခံများနှင့် ဘုရားစေတီပုံများကို ထည့်သွင်းရေးဆွဲထားသည်ကို တွေ့ရသည်။

 

 

၂၀၁၆ ခုနှစ်အတွင်း ခေတ်စုံအလှစုံ(၁) ပန်းချီပြပွဲကို ခင်းကျင်းပြသခဲ့ပြီး ယခုပြပွဲဖြစ်မြောက်ရေးအတွက် ၂ နှစ်ကျော်ကြာ အချိန်ယူပြင်ဆင်ခဲ့ရသော ပန်းချီဆရာကြီးဦးမာလာက ပြပွဲ၌ အဓိထားပြသထားသော ပန်းချီကားများအကြောင်း ရှင်းပြရာတွင် “ကျွန်တော်တို့ ရှမ်းပြည်နယ်ဖြစ်ဖြစ် ကချင်ပြည်နယ်ဖြစ်ဖြစ် နယ်တစ်နယ်သွားတဲ့ အခါမှာ ပွဲတော်တွေရှိတယ်၊ ဈေးတွေရှိတယ်။ 

 

အဲဒီမှာဆိုရင် အမျိုးသမီးတွေ အတော်များများက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီးဝတ်တာကို ထူးခြားမှုအနေနဲ့ တွေ့ရတယ်။ အချို့တိုင်းရင်းသား အမျိုးသားတွေက ခေါင်းပေါင်းနဲ့ လုံချည်နဲ့ရှိမယ်၊ ခေါင်းပေါင်းနဲ့ ဘောင်းဘီနဲ့ရှိမယ်။ ဒါလောက်ပဲကွာတာ။ အမျိုးသားတွေမှာ လေးမျိုး၊ ငါးမျိုးလောက်တော့ ထူးထူးခြားခြားလေးတွေတော့ တွေ့တယ်။ နောက်တစ်ပွဲကျရင်တော့ အဲဒါပါမယ်။ အခုကတော့ အမျိုးသမီးတွေချည်းပဲ စီးရီးတစ်ခုအဖြစ် ကျွန်တော်လုပ်ဖြစ်တာပါ” ဟု ပြောကြားခဲ့သည်။

 

နုပျိုပြေပြစ်သော အချိုးအစားနှင့် ပကတိရိုးသားဖြူစင်မှုတို့ ပေါ်လွင်အောင် သရုပ်ဖော်ထားသော ပန်းချီကား ပေါင်း ၄၃ ကားကို ကားချပ်များနှင့်အချိုးညီစွာ ထွန်းညှိထားသော မီးအလင်းရောင်နှင့်အတူ အမျိုးသားပြတိုက်၏ ပထမထပ်တွင် ခင်းကျင်းပြသထားသည်။

 

အဆိုပါ ပန်းချီပြပွဲကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပြသထားမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း