တိုးတက်ဖို့အတွက် ခေတ်မီနည်းပညာများ

ကွန်ပျူတာစနစ်က လူတို့၏ ဦးနှောက်ကဲ့သို့ မှတ်နိုင်စွမ်း၊ လူတို့၏ ဦးနှောက်ကဲ့သို့ နှိုင်းယှဉ်နိုင်စွမ်းရှိ၏။ ယနေ့ခေတ်လို ကွန်ပျူတာ၏ စွမ်းဆောင်ရည်က တောင်ထိပ်ရောက်အောင် မြင့်မားနေသည့်အခါ သာမန်လူတို့ မှတ်နိုင်သည်ထက် အဆပေါင်းများစွာသော အချက်အလက်တို့ကို မှတ်သားထားနိုင်၏။ အချက်အလက်များကို တစ်ခုနှင့်တစ်ခု တူ၏၊ မတူ၏၊ ပိုကြီး၏၊ ပိုသေး၏အစရှိသော နှိုင်းယှဉ်မှု၊ အလွန်ရှုပ်ထွေးလှသော ကိန်းဂဏန်းများကို တွက်ချက်မှု အစရှိသည်တို့ကို လူတို့ထက် အဆပေါင်းများစွာမြန်ဆန်အောင် ဆောင်ရွက်နိုင်နေပြီ ဖြစ်၏။

ယခုအခါတွင် မှတ်သားနိုင်စွမ်း၊ နှိုင်းယှဉ်နိုင်စွမ်း၊ တွက်ချက်နိုင် စွမ်းသာမက ဖန်တီးနိုင်စွမ်းကိုပါ ပြုလုပ်နိုင်လာကြချေပြီ။ ဤမျှနှင့်ပင် အားမရ၊ လူတို့ကဲ့သို့ ပြုမူတတ်၊ ခံစားတတ်၊ တုံ့ပြန်တတ်၊ လူတို့ကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးပါရှိအောင် ကွန်ပျူတာတို့၏ စွမ်းရည်ကို တိုးတက် မြင့်မားအောင် ပညာရှင်တို့က ကြိုးစားနေကြသည်ကလည်း များစွာ တိုးတက်လာနေပြီ ဖြစ်ပေသည်။

အမှန်တော့ လူလို ခံစားနိုင် လူလို တွေးခေါ်မြော်မြင်နိုင်သည့် အေအိုင်ခေါ် ကွန်ပျူတာလူ (artificial intelligence) ဆိုသည်ကို ပညာရှင်အသီးသီးတို့ ကမ္ဘာတစ်လွှားတွင် ကြံဆတီထွင်နေကြသည်မှာ နှစ်မနည်းလှတော့ပါ။ ၁၉၅၆ ခုနှစ်ကတည်းက စတင်ကြံဆနေ ခဲ့ကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ကွန်ပျူတာသည် တွက်ချက်မှု၊ မှတ်သားမှုတို့မျှမကဘဲ သဘာဝယုတ္တိရှိမရှိ ဆန်းစစ်ခြင်း၊ အသိအမြင် တို့ကို ဆက်စပ်ထင်ဟပ်ကြည့်ခြင်း၊ ပြဿနာများကို မိမိဘာသာ ချဉ်းကပ်လေ့လာခြင်း၊ ပြဿနာတို့ကို ဖြေရှင်းရန် နည်းလမ်းရှာဖွေခြင်း၊ အတွေ့အကြုံများထဲက သင်ခန်းစာများ ထုတ်နုတ်ရယူခြင်း၊ လူတို့ကဲ့သို့ ခံစားတတ်အောင် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်တတ်မှု စသည်တို့ကိုပါ ဖန်တီးထုတ်လုပ်ရန် ကြိုးစားကြခြင်းဖြစ်သည်။

ကွန်ပျူတာက မိမိနှင့်တွဲကာ အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင်ကို မြတ်နိုးစွဲလမ်း သံယောဇဉ်တွယ်သွားသော သိပ္ပံဝတ္ထုများက ထိုသို့သော အေအိုင်ဖန်တီးမှုကို ထင်ဟပ်လျက်ရှိပေသည်။ အထက်ဖော်ပြပါ အေအိုင်၏ မျှော်လင့်သော လုပ်ကိုင်နိုင်စွမ်း၊ စဉ်းစား တွေးခေါ်နိုင်စွမ်း၊ ခံစားနိုင်စွမ်းတို့မှာ ကြံဆနေသည်တို့၏ အချို့အဝက်ကို အမြွက်မျှသာ ဖော်ပြနိုင်ပါသည်။ လက်ငင်းကာလတွင် ထို့ထက်ပိုမိုများပြားသော မျှော်လင့်ချက်များ လက်တွေ့လောကတွင် ထိရောက် စွာ အသုံးချနိုင်မည့် စွမ်းဆောင်နိုင်မှုများကို ရည်မှန်းကာ ကြိုးစား နေကြခြင်းဖြစ်ပါသည်။ အောင်မြင်နေမှုများလည်း အထိုက်အလျောက် ရှိနေပြီ ဖြစ်ပေသည်။

ကွန်ပျူတာဉာဏ်ရည်က အလွန်မြင့်မားလာပြီး ထိုသို့ ဉာဏ်ရည်မြင့်မားလာအောင် ပရိုဂရမ် ရေးဆွဲဖန်တီးပေးသည့် လူတို့၏ ဉာဏ်ရည်ထက်ပင် သာလွန်သွားပြီဟု တုန်လှုပ်သွားခဲ့ရသည်တို့ပင် ရှိခဲ့ဖူးလေသည်။ ၁၉၉၇က ကမ္ဘာ့စစ်တုရင် ထိပ်သီးကပ်စပါးရော့ နှင့် အိုင်ဘီအမ် ကွန်ပျူတာ ဒိ(ပ်)ဘလူး (deep blue) တို့ယှဉ်ပြိုင်ကြသည့် ပွဲတစ်ပွဲတွင် ကွန်ပျူတာက အနိုင်ရရှိသွားခြင်းက ကွန်ပျူတာတို့၏ ဉာဏ်ရည်ကို လူတို့ ရုတ်တရက် မျက်လုံးပြူးသွားကြရခြင်းပဲ ဖြစ်ပါသည်။

ထိုသည်မှလွန်၍ ယနေ့ နှစ်နှစ်ဆယ်ကျော်အကြာတွင် မည်မျှ ဆက်လက်တိုးတက်နေမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ အဆိုပါ အေအိုင်ကွန်ပျူတာ ဉာဏ်ရည်ကို ယခုအခါ နိုင်ငံတကာနိုင်ငံတိုင်း လိုလိုက မသိမဖြစ် နားလည်အောင် ကြိုးစားနေရသည့်ခေတ်သို့ စတင်ရောက်ရှိလာနေပြီ ဖြစ်လေသည်။

ကွန်ပျူတာဉာဏ်ရည် မြင့်မားသည်ထက် မြင့်မားလာခြင်းကို လူ့အဖွဲ့အစည်းအတွင်း မည်သို့ ပိုမိုထိရောက်စွာ အထောက်အပံ့ ဖြစ်အောင် အသုံးပြုကြမည်ဆိုသည်ကိုလည်း ဖန်တီးကြံဆနေကြပြီ ဖြစ်သည်။

နည်းပညာတို့၏ တိုးတက်ထွန်းကားမှုက အံ့မခန်းဖြစ်နေသည်နှင့် အပြိုင် မြန်မာနိုင်ငံအတွင်းက လူငယ်ပညာရှင်များကလည်း ထိုရေစီးကြောင်းတွင် ပါဝင်ပတ်သက် ကြိုးပမ်းအားထုတ်နေကြသည်တို့ ရှိနေပြီဖြစ်ရာ နိုင်ငံတော်အနေဖြင့် ထိရောက်သော အားပေးထောက်ကူမှုတို့လည်း လိုအပ်နေမည်၊ နည်းပညာသစ်တို့အားဖြင့် အနာဂတ်နိုင်ငံ တိုးတက်ရေးအတွက် များစွာထိထိရောက်ရောက် စွမ်းဆောင်နိုင်ကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြန်မာ့အလင်း