တိုးတက်သည့် မျိုးဆက်ကို ပျိုးထောင်နိုင်ရေး

 

လူငယ်တို့သည် အနာဂတ်၏သားကောင်းများ၊ လူငယ်တို့သည် အနာဂတ်၏ ခေါင်းဆောင်များ ဆိုသော ဆောင်ပုဒ်များကို တွင်တွင်ကျယ်ကျယ် ဆိုင်းဘုတ်တင်ရင်း လက်တွေ့တွင် လူငယ်ခြေတက်တို့ ခေါင်းထောင်ထလာသည်နှင့် အညွန့်ချိုးတော့မည်၊ သို့မဟုတ် အညွန့်တက်ခွင့်ကို မပေးတော့ဘူး ဆိုလျှင်၊ သို့မဟုတ် အပင်ကောင်း အပင်သန်ဖြစ်ရန် ရေခံမြေခံတို့ကို ဩဇာပျက်အောင် လုပ်မည်ဆိုလျှင် မည်သို့သော အနာဂတ်ကို မျှော်လင့်နိုင်ကြပါမည်နည်း။ ။

 

လူငယ်တို့သည် ဒီမိုကရေစီကင်းမဲ့သော လောကထဲတွင် အထက်တွင်ဆိုခဲ့သော ပိတ်ပင်မှုများ၊ ချိုးနှိမ်ခံရမှုများ၊ မူးယစ်ဆေးဝါး၊ အပျော်အပါး လောင်းကစားများ စသည့် ဝန်းကျင် အာဝါသတွင် ကြီးပြင်းဖြတ်သန်းရမည်ဆိုပါက မည်သို့သော နိုင်ငံ၊ မည်သို့သော အနာဂတ်ကို မျှော်လင့်နိုင်ကြပါမည်နည်း။

 

ရေခံမြေခံကောင်းကောင်း၊ မြေဆီဩဇာကောင်းကောင်း၊ ရေလောင်းပေါင်းသင်မှု ကောင်းကောင်း၊ ပြုစုပျိုးထောင်မှု ကောင်းကောင်းဖြင့် နေခြည်လင်းပွင့်သည့် မိုးကောင်းကင် အစရှိသော အာဝါသတို့၏ အညှာသည်ကား ပညာရေးစနစ် ကောင်းဖြစ်သည် ဟု ဆိုသော်ရအံ့ဟု ထင်ပါသည်။ ။

 

ယနေ့ခေတ်က နေရာတကာမှာ ပညာဖြင့်ယှဉ်သော အတွေး၊ ပညာဖြင့်ယှဉ်သော အမြင်၊ ပညာဖြင့်ယှဉ်သော သဘောထားတို့က ရှေ့တန်းရောက်သည့်ခေတ် ဖြစ်ပါသည်။ ဘယ်ဆီဘယ်ဝါက လာသည်မှန်း ရေရေရာရာမသိသော သတင်းအတုအယောင် တို့ကို မိုးမွှန်အောင်ဆဲဆိုရုန့်ရင်းနေသည့် ပညာမဲ့သောတုံ့ပြန်မှု များကို ပြုမူနေရင်း တိုးတက်မှု၊ သာယာငြိမ်းချမ်းမှု မရှိရကောင်းလားဟု လောကကြီးကို ပြစ်တင်ပြောဆို မကျေမနပ်ဖြစ်နေ၍မရ။

 

လုံ့လမရှိ၊ ဇွဲမရှိ၊ အမှန်တရားကို ရဲရဲမျှပင် ကြည့်ရဲသည့် သတ္တိမရှိ၊ အမှားအမှန်ကို ခွဲခြားချင့်ချိန် ဆန်းစစ်နိုင်သော ပညာဉာဏ်မပါဘဲ လူတကာ ရန်လုပ်နေဖို့ မဖြစ်နိုင်သည့် ခေတ်တွင် ပညာသည် အဓိကကျသည်ထက် ကျလာနေပြီ။

 

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းရကောင်းမှန်းသိသော၊ အမှားအမှန်ကို ခွဲခြားဆန်းစစ်နိုင်သော ပညာဉာဏ်နှင့်အတူ သိပ္ပံ၊ ဝိဇ္ဇာ၊ နည်းပညာ၊ အတတ်ပညာ၊ အနုပညာတို့ကို ပညာရေး စနစ်၏ အခြေခံအဖြစ် နိုင်ငံတကာတွင် တည်ဆောက်နေကြသည်။ ထိုသို့သော ပညာတို့ကို ဆည်းပူးလေ့လာရန်၊ လေ့ကျင့်ရန်တို့အတွက် ပညာသင်ကြားရေး အထောက်အကူ များနှင့် ပတ်ဝန်းကျင်တို့ကို ဖန်တီးပေးကြရမည် ဖြစ်သည်။

 

ပညာရေးကို အားပေးသည်ဆိုခြင်းမှာ နိုင်ငံကို တည်ဆောက်နေခြင်းပင်ဖြစ်ရာ အလေးအနက်ထား ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်ပါသည်။ ပညာရေးစနစ် နိမ့်ကျနေသည်မှာ နှစ်ပေါင်း ရှည်ကြာလှပြီဖြစ်ပေရာ လွယ်လွယ်ကူကူဖြင့် ရုတ်ချည်း ပြောင်းလဲရန် မဖြစ်နိုင်ဟု ဆိုနိုင်သော်လည်း ဦးဆုံးသောခြေလှမ်းများကို စတင်ခြင်းဖြင့် မိုင်ထောင်ချီခရီးကို လှမ်းကြရမည် မဟုတ်ပါလား။ အရိုးစွဲနေသည့် သင်ကြားနည်း၊ ကျက်မှတ်နည်း၊ ဖြေဆိုနည်းတို့ကို စိစစ်ကာ လုံးဝပြောင်းလဲရမည်များကို ချက်ချင်းပြောင်းလဲကြရန် လိုအပ်နေပြီဖြစ်သကဲ့သို့ တစ်စိတ်တစ်ပိုင်း ပြောင်းလဲရမည်များကို အချိန်မဆွဲဘဲ ပြောင်းလဲကြရတော့မည်။

 

အထူးသဖြင့်မူ ခေတ်မီသည့်၊ မှန်ကန်သည့် ပညာရေးစနစ်ကို ယုံယုံကြည်ကြည် အားမာန်ရှိရှိဖြင့် ပါဝင်တည်ဆောက်လိုကြသော ဆရာ ဆရာမများ၏ အင်အားက အရေးကြီးဆုံး ကဏ္ဍတွင် ရှိနေမည်ဟု ယုံကြည်ပါသည်။

 

နိုင်ငံအဝန်းအတွက် လိုအပ်နေမည်ဖြစ်သည့် ထိုထိုသော ဆရာ ဆရာမများစွာကို မည်သို့ထုတ်လုပ်မည်၊ မည်သို့တိုးပွား များပြားအောင်လုပ်မည်ဆိုခြင်းကို စနစ်တကျတွက်ချက် စီမံကြရပါလိမ့်မည်။ ထိုထိုသော ဆရာ ဆရာမများ အဆိုပါ ပညာရေး အပြောင်းအလဲကြီးကို ဆင်နွှဲလိုသည့် အင်အားများ ပါဝင်ကာ အားကြိုးမာန်တက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များကို မည်သို့ ရရှိစေမည်လဲဆိုသည်ကို အခြေခံကာလည်း စဉ်းစားကြရပေမည်ဟု ထင်မြင်ပါသည်။ ဆရာ ဆရာမများဆိုသည်က အနာဂတ်နိုင်ငံ တည်ဆောက်ရေးတွင် ရင်းမြစ်ကျသော လေးလံလှသည့် တာဝန်ကြီးများကို ထမ်းရွက်ကြရမည့်သူများ မဟုတ်ပါလား။ ။

 

မြန်မာ့အလင်း