တက္ကသိုလ် (၁၁)ခု၌ တက္ကသိုလ် ဝင်ခွင့် ရွေးချယ်ခေါ်ယူ

ဇွန် ၁

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သော ကျောင်းသား ကျောင်းသူများအတွက် ယခုနှစ်မှ စတင်၍ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် ရန်ကုန် နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ရန်ကုန် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် စသည့်  တက္ကသိုလ် (၁၁) ခု၌ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးကို ကိုယ်ပိုင်အစီအစဉ်ဖြင့် ခေါ်ယူတော့မည်ဟု ကြားသိရသဖြင့် အဆိုပါ တက္ကသိုလ် (၁၁) ခုတွင် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်နှင့် ကြေးမုံမှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။

 

မေး။ ။ ၂၀၁၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်တဲ့ကျောင်းသားတွေဟာ တက္ကသိုလ် (၁၁) ခုရဲ့ ဝင်ခွင့်ဖြေဆိုရမယ်။ အဲဒီလို ဝင်ခွင့်စနစ် ပြောင်းလဲလိ်ုက်တဲ့အပေါ်မှာ အားသာချက်၊ အားနည်းချက်လေးတွေကို သုံးသပ်ပြောကြားပေးပါဦး။

 

ဖြေ။ ။ အခုပြောင်းလဲလိုက်တဲ့ စနစ်က အရင်စနစ်တွေထက် နှိုင်းယှဉ်လိုက်ရင်တော့ ပိုပြီး အားသာချက်တွေ များတဲ့စနစ်လို့ ပြောချင်ပါတယ်။ စနစ်ပြောင်းလဲလိုက်တဲ့အတွက် အားနည်းချက် ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီစနစ် အားသာချက်၊ အားနည်းချက်တွေကို စနစ်တကျ ဆောင်ရွက်နေပါတယ်။ ပထမဦးဆုံး အားသာချက်အနေနဲ့ ကျွန်တော်တို့ တက္ကသိုလ်ကို စိတ်ပါဝင်စားတဲ့ ကျောင်းသား ကျောင်းသူတွေကို တိုက်ရိုက်ခေါ်ယူခွင့်ရမယ်။ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်မဝင်စားမှုက ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။

 

အရင်တုန်းက ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက တာဝန်ယူပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် အားလုံးကိုယ်စား ဆေးတက္ကသိုလ်အစ ခေါ်လိုက်တော့ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊ မဝင်စားမှုကို သိတော့ မသိနိုင်ဘူး။ သို့သော် ကျောင်းသားတွေကတော့ သူတို့ စိတ်ဝင်စားရာ လျှောက်ကြမှာပဲ။ လျှောက်ရမယ့်တက္ကသိုလ်စာရင်း စုစုပေါင်း ၂၀ လောက် ပါနေတယ်ဆိုတော့ ကျွန်တော်တို့ကျောင်းကို ကျောင်းတက်ဖို့ ရောက်လာတဲ့ အချိန်မှ နာမည်အရ လက်ခံလိုက်ရတယ်။ အမှန်တကယ် စိတ်ဝင်စားမှုရှိ၊ မရှိ မသိရဘူး။ လေ့လာဆန်းစစ်မှုအရ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေး တက္ကသိုလ် မဝင်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေ မတက်နိုင်တော့ ကျွန်တော်တို့ကျောင်းကို ရောက်လာတယ်။ ဒီကို ရောက်လာတဲ့ကျောင်းသားတွေ အမှတ်ကမြင့်ပါတယ်။

 

ဒါပေမယ့် သူတို့တွေ ပထမဦးစားပေးတက္ကသိုလ် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကျောင်းကို ရောက်လာတယ်။ အခု ဒီစနစ်ကျတော့ ကျွန်တော်တို့တက္ကသိုလ်ကို အမှန်တကယ် စိတ်ဝင်စားတဲ့ ကျောင်းသားတွေပဲ လျှောက်ကြ တော့မယ်ဆိုတဲ့ ရာခိုင်နှုန်းက များလာပြီ။ တကယ်စိတ်ဝင်စားတဲ့ သူတွေ ဝါသနာပါတဲ့သူတွေကို ဆန်းစစ်ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် အကောင်းဆုံး အားသာချက်လို့ ပြောလို့ ရပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ရေးဖြေစာမေးပွဲမရှိဘူး။ နှုတ်ဖြေစာမေးပွဲပဲ ဖြေရမယ်လို့ ကြေညာလိုက်တယ်။ ကြေညာလိုက်တဲ့အခါမှာ နှုတ်ဖြေစာမေးပွဲကြီးက လာဘ်ပေးလာဘ်ယူမှုတွေ မပေါ်လာနိုင်ဘူးလားလို့ ပြည်သူ လူထုက တုံ့ပြန်ကြတယ်။

 

ဒါနဲ့ပတ်သက်လို့ ပြောချင်တာက ကျွန်တော့် တက္ကသိုလ်ကို ရွေးချယ်မယ့် ကျောင်းသား ကျောင်းသူတွေကို ရွေးချယ်မယ့် စည်းမျဉ်း စည်းကမ်းကို ရှင်းပြချင်ပါတယ်။ နံပါတ်တစ်အနေနဲ့ တက္ကသိုလ်ဝင်တန်း အောင်တဲ့အမှတ်ကို အလေးအနက်ထား စဉ်းစားမယ်။ ဒီကျောင်းသားကို ဝင်ခွင့်ပြုသင့်၊ မပြုသင့်ဆိုတဲ့အထဲမှာ ရာခိုင်နှုန်းအများစုကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်အနည်းအများကို တန်းစီမှာပါ။ အရင်နှစ်တုန်း ကလည်း ကျွန်တော်တို့ကျောင်းကို အမှတ်မြင့်တဲ့သူတွေ တက်ကြတယ်။ အမြင့်ဆုံး ဆိုရင် ၅၁၇ မှတ်ရှိတယ်။ အနိမ့်ဆုံးဆိုရင် ၄၃၀ လောက်ရှိတယ်။ ဒီနှစ်မှာ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်မယ်လို့တော့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်နှစ်ကအထိ အောက်မြန်မာပြည် ကျောင်းသား ကျောင်းသူတွေကိုပဲ ရွေးချယ်ခဲ့တယ်။ ဒီနှစ်မှာတော့ မြန်မာ တစ်နိုင်ငံလုံးက ကျောင်းသား ကျောင်းသူတွေထဲက ရွေးချယ်မှာဆိုတော့ ကျွန်တော်တို့ကျောင်းကို စိတ်ပါဝင်စားလို့ ရောက်လာမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးက ကျောင်းသား ကျောင်းသူတွေ ရာခိုင်နှုန်းတော်တော်များများ ပါလာမယ်လို့ထင်တယ်။

 

အဲဒီအတွက် အောက်မြန်မာပြည်က ကျောင်းသား ကျောင်းသူတွေချည်း ယှဉ်ပြိုင်တာ ထက်စာရင် အထက်မြန်မာပြည်က အမှတ်ကောင်းတဲ့ ကျောင်းသားတွေ ဆင်းလာမယ်။ ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာမယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်း အမှတ်များများရရှိထားခြင်းက အရေးကြီးနေဦးမှာပဲ။ ကျွန်တော်တို့ ဝင်ခွင့်ပြု သင့်၊ မပြုသင့် စဉ်းစားတဲ့အခါမှာလည်း ဒီအချက်ကို အဓိကထား စဉ်းစားဦးမှာပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ပတ်သက်လို့လည်း လူတွေကို အသိပညာပေးဖို့ လိုတယ်လို့တော့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့အမြင် မှာ အထူးသဖြင့် ကျောင်းသား ကျောင်းသူ မိဘတွေရဲ့အမြင်မှာ ပါမောက္ခချုပ်၊ သက်ဆိုင်ရာပါမောက္ခ၊ ဌာနမှူးတွေကို ချဉ်းကပ်မယ်ဆိုရင် ငါ့သားသမီးကို ရွေးချယ်ခံရနိုင်တယ်ဆိုတဲ့ အထင်အမြင်လွဲမှားမှုတွေ ရှိနိုင်တယ်။ အဲဒီအချက်ကတော့ မှားနေတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ဝင်ခွင့်ရွေးချယ်တဲ့ စနစ်ကြီးတစ်ခုလုံးကို တည်ဆောက်တဲ့သူ တာဝန်အရှိဆုံးလူက ကျွန်တော်ပဲ။ သို့သော် ကျောင်းသား တစ်ယောက်ကို ကျွန်တော်က ရွေးပိုင်ခွင့်မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ အထူးသဖြင့် ငါနဲ့ခင်လို့၊ ငါ့အသိမိတ်ဆွေမို့လို့၊ လာကန်တော့လို့ ဒီလူကို ထည့်လိုက်ပါဆိုတဲ့စနစ် ထည့်မထားဘူး။ အဲဒီလိုပဲ သက်ဆိုင်ရာဘာသာရပ်ရဲ့ ပါမောက္ခကိုလည်း လုပ်ပိုင်ခွင့် ပေးမထားဘူး။ ကျောင်းသားတစ်ယောက်ကို လူတွေ့စစ်ဆေးပြီး အမှတ်ပေးတဲ့လူတွေထဲမှာ ပါမောက္ခချုပ်သော်လည်းကောင်း၊ သက်ဆိုင်ရာပါမောက္ခ သော်လည်းကောင်း ပါ၊ မပါဆိုတာ မပြောနိုင်ဘူး။ မပြော နိုင်အောင်လည်း လုပ်ထားပါတယ်။ ဒါကြောင့် ကျောင်းသား တစ်ယောက်ဟာ ကျွန်တော့်ကျောင်းထဲကို နှုတ်ဖြေ စာမေးပွဲ ဖြေဖို့ဝင်လာတယ်ဆိုရင် သူဟာ ဘယ်သူနဲ့ တွေ့ရမယ်ဆိုတာ သူမသိပါဘူး။ လူနည်းစုက ဝိုင်းစစ်ဆေးမှာလည်း မဟုတ်ဘူး။ စစ်ဆေးမယ့်အဖွဲ့ကို ကြီးကြီးမားမား ဖွဲ့စည်းထားပါတယ်။ အဲဒီမှာ အဖွဲ့ ၁၊ ၂၊ ၃ ဆိုပြီး ခွဲထားမယ်။ ဒီနေ့ လူ ၂၅၀ အင်တာဗျူး ခေါ်မယ်ဆိုရင် လူ ၂၅၀ ကိုပဲ ကြေညာလိုက်မယ်။ အဲဒီလူတွေဟာ ကျောင်းထဲကို ရောက်လာမယ်။ ၉ နာရီ အင်တာဗျူး စမယ်ဆိုရင် ၈ နာရီ ခွဲလောက်မှ ကျွန်တော်က ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို Run လိုက်မယ်။ ဘယ်သူဟာ ဘယ်အုပ်စုထဲကို ရောက်သွား မယ်ဆိုတဲ့ အဖြေထွက်လာမယ်။ အဲဒီတော့မှသာ ကျောင်းသားတွေဟာ သတ်မှတ်ထားတဲ့နေရာကို သွားရမှာဖြစ်တယ်။ ဒါကြောင့် အားနည်းချက်တွေ ရှိကောင်းရှိနိုင်သော်လည်း ကျွန်တော်ကတော့ လာဘ်ပေးလာဘ်ယူမှု လုံးဝ ကင်းစင်နိုင်အောင် အဓိက စီစဉ်ဆောင်ရွက်ထားပါတယ်။

 

မေး။ ။ ဝင်ခွင့်လျှောက်လွှာတွေကို စခေါ်မယ့်ရက်ရယ်၊ ရွေးချယ်မယ့် လုပ်ငန်းစဉ် အကြောင်းလေးတွေကိုလည်း ပြောပြပေးပါဦး။

 

ဖြေ။ ။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီးတာနဲ့ သတင်းစာထဲကနေ ရက်သတ်မှတ်ပြီး ကြေညာမှာပါ။ ကျောင်းသား ကျောင်းသူတွေရဲ့ လျှောက်လွှာကို အချိန်ယူ စောင့်ဆိုင်းပြီး လက်ခံမယ်။ ကာလအားဖြင့် တစ်လ သို့မဟုတ် တစ်လခွဲလောက် ကြာသွားနိုင်တယ်။ လျှောက်လွှာ ကိုလည်း ဝင်ခွင့်အိတ်တွေထဲမှာ ထည့်ပေးဖို့ ကြိုးစားနေတယ်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်၊ ပညာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း အလွယ်တကူ မိနစ်ပိုင်းအတွင်း ရယူနိုင်အောင် တင်နိုင်တယ်။

 

ဒါကြောင့် ကျောင်းသားတစ်ယောက်ဟာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး မိမိရဲ့အမှတ်ကို သိရှိပြီးတဲ့အချိန်မှာ ချက်ချင်းပဲ ကျွန်တော်တို့ဆီကို လျှောက်လွှာတွေပို့နိုင်တယ်။ စာတိုက်ကတစ်ဆင့်လည်း ပို့နိုင်သလို ကျောင်းဝင်းထဲကိုလည်း လူကိုယ်တိုင် လာရောက်ပို့နိုင်ပါတယ်။ လျှောက်လွှာ ပုံစံရယူနိုင်ဖို့က သတင်းစာထဲမှာလည်း ပါမယ်။ ဝက်ဘ်ဆိုက်တွေမှာ တင်ထားမယ်။ တက္ကသိုလ်မှာလည်း ရောင်းပေးမယ်။ လျှောက်လွှာရဖို့အတွက် အဆင်မပြေမှု မရှိအောင် လုပ်ထားမယ်။ လျှောက်လွှာလက်ခံတာလည်း စာတိုက်ကနေ မှတ်ပုံတင်ပြီး ပို့လိုက်တာနဲ့ သတ်မှတ်ထားတဲ့နေ့မှာ အကုန်ရောက်လာမယ်။ လျှောက်လွှာတွေ ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါ ကျောင်းသားတွေကို စိစစ်ပါမယ်။

 

စိစစ်တဲ့အခါ အင်္ဂလိပ်ဘာသာရပ်ကို လျှောက်တာလား၊ ဂျပန်ဘာသာရပ်ကို လျှောက်တာလား၊ ကိုရီးယားဘာသာရပ်ကို လျှောက်တာလား စသည်ဖြင့် စိစစ်ပြီးမှ အမှတ်အနည်းအများလည်း တန်းစီပါမယ်။ ခေါ်သင့်ခေါ်ထိုက်တဲ့ ကျောင်းသားတွေကို အင်တာဗျူးခေါ်မှာဖြစ်ပါတယ်။ ဥပမာ- အင်္ဂလိပ်စာ လူ ၁၅၀ ခေါ်မယ်ဆိုရင် လူ ၃၀ဝ ကျော်လောက်ကို အင်တာဗျူးခေါ်မယ်။ သေသေချာချာ စိစစ်မယ်။ အရင် တုန်းကလိုတော့ အမှတ်နဲ့ တန်းစီပြီး ဖြတ်လိုက်တာမျိုး မဟုတ်ဘူး။ အင်တာဗျူးရက် ဖြစ်နိုင်တာကတော့ ဩဂုတ်လဆန်းလောက် ကြေညာချက်ထဲမှာ ပါမှာပါ။ အဲဒီလောက် အင်တာဗျူးမယ်။ ကျွန်တော်တို့တက္ကသိုလ်ဟာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၀၅၀ ကို လက်ခံမှာဖြစ်ပြီး အများဆုံး လူ ၅၀ဝဝ အထိ အင်တာဗျူးမယ်လို့ မှန်းထားပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က ကျောင်းသားကျောင်းသူ အများစုဟာ ကိုယ့်ရဲ့စွမ်းရည်တွေကို ပြသခွင့်ရမှာ ဖြစ်ပါတယ်။

 

မေး။ ။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုယ်ဝင်ခွင့်ဖြေမယ့် ဘာသာရပ်တွေကို ဘယ်လိုမျိုး ကြိုတင် လေ့လာထားသင့်တယ်ဆိုတာကိုလည်း ရှင်းပြပေးပါဦး။

 

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ ကျောင်းသား ကျောင်းသူ တွေကို ကြိုတင်လေ့လာထားစရာ မလိုအောင်တော့ စီစဉ်ထားပါတယ်။ ကျောင်းသား ကျောင်းသူတစ်ယောက်ဟာ တက္ကသိုလ်ဝင် စာမေးပွဲဖြေပြီးပြီဆိုရင် အောင်မြင်တယ်ဆိုရင်၊ သတ်မှတ်ထားတဲ့အမှတ်တွေ မီတယ်ဆိုရင် တစ်ခါတည်း ဖြေလို့ရအောင် လုပ်ထားပါတယ်။ သို့သော် ကျောင်းသား ကျောင်းသူတွေကို ပြောချင်တာကတော့ ကျွန်တော် တို့ အင်တာဗျူးတဲ့အခါမှာ တကယ့် ကျောင်းသားကောင်းတစ်ယောက် ရွေးချယ်ဖို့တော့ ဆရာ ဆရာမတစ်ယောက်အနေနဲ့ စဉ်းစားထားတယ်။ ကျောင်းသား ကျောင်းသူတွေ ဟာ ကျောင်းသားကောင်း တစ်ယောက်ဆိုတာ ဘာလဲဆိုတာ သိထားဖို့လိုတယ်။ ဘာကြောင့် ဒီစကားကို ပြောတာလည်းဆိုရင် ခုခေတ် ပညာသင်ကြားရေးမှာ လွဲမှားနေတဲ့ အတွေးအခေါ်လေးတွေဟာ ကျောင်းသား ကျောင်းသူတွေမှာ ရှိနေတယ်။ လက်ရှိ ကျောင်းသား ကျောင်းသူတွေဟာ ဆရာ ဆရာမတွေကို အားကိုးလွန်းတယ်။ ဆရာ ဆရာမတွေ နှုတ်တိုက်သင်ပေးမှ တတ်ကြတယ်။ ဆရာ ဆရာမရဲ့ သင်ကြားမှုကို အပြည့်အဝ ခံယူပြီးမှပဲ စာတတ်ချင်ကြတယ်။ အမှန်က စာတတ်တယ်ဆိုတာ အသိပညာ ကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေး ဒါတွေကို ရယူတဲ့အခါမှာတော့ ကျောင်းသားတွေဟာ အရေးကြီးတယ်။ မိမိတတ်မြောက်လိုတဲ့ ပညာကို မိမိကိုယ်တိုင် အားထုတ်မှသာ တတ်ရမယ်ဆိုတဲ့ အတွေးအခေါ် ပြောင်းဖို့ လိုပါတယ်။

 

ကျွန်တော်တို့ကတော့ အဲဒါနဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေ နည်းနည်းပါးပါးမေးမှာပါ။ ဆရာ ဆရာမ တစ်ကြိမ်သင်ပြီးရင် ကိုယ်က ၁၀ ကြိမ်စာလောက် လေ့လာရမယ်။ လေ့လာတဲ့ အခါမှာ နည်းလမ်းမျိုးစုံနဲ့ လေ့လာရမယ်။ ဒီအပေါ်မှာ သူ့ရဲ့ စိတ်အားထက်သန်မှုကိုလည်း ပြရမယ်။ ကိုယ်တတ် ချင်တဲ့ပညာအတွက် ကိုယ်တိုင်လေ့လာအားထုတ်မှ ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေဖို့လိုတယ်။ ဒါတွေအတွက်လည်း မေးခွန်းတချို့ မေးဖို့လိုလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ကျောင်းဟာ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အထိုက်အလျောက် စည်းကမ်းကြီးတဲ့ ကျောင်း ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုကအစ ကျောင်းစည်းကမ်းလေးတွေကို လိုက်နာနိုင်မှုရှိ၊ မရှိ မေးပါမယ်။ နောက်တစ်ချက်က ပြောင်းလဲနေတဲ့ ပညာရေးစနစ်ထဲမှာ ကျောင်းအပ်နှံတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ဝင်ခွင့်တင်တဲ့နေရာမှာပဲဖြစ်ဖြစ် ငွေရေး ကြေးရေးအရ၊ ဘဏ္ဍာရေးအရ ဝန်ထမ်းအင်အားတွေ သိပ်မသုံးတော့ဘူး။ AGD Bank ကပဲ လာလုပ်ပေးတယ်။ ကျောင်းသားတွေဟာ ကတ်စနစ်နဲ့သုံးပြီးတော့ ကျောင်း အပ်နှံတာတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါလေးတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ အဆင်သင့်ဖြစ်မှု၊ မဖြစ်မှု မေးခွန်းလေးတွေထဲမှာ ထည့်မေးမယ်။ နောက်တစ်ချက်က ဘာသာစကား အထုံဝါသနာပါမှု မြန်မာစာတို့၊ အင်္ဂလိပ်စာတို့ကို ပြန်ပြီး ကျက်မှတ်စရာမလိုဘူး။ သင်တန်းတက်စရာလည်း မလိုဘူး။ သာမန်လေးပဲ စကားလုံးအရ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းလောက် မြန်မာစာအင်္ဂလိပ်စာကို ရင်းနှီးမယ်ဆိုရင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်မယ့်ဟာလေးတွေကိုပဲ မေးမှာဖြစ်တယ်။ အဲဒီလိုပြောလိုက်တဲ့အတွက်လည်း ရှစ်တန်း၊ ကိုးတန်းစာတွေကို ပြန်ကြည့်စရာ မလိုဘူး။ ဒါတွေကို သူကျွမ်းကျင်ထားတယ်ဆိုရင် နေရာဌာနအလိုက် သူပြောတတ်သလား၊ မေးတတ်သလား၊ ဘာသာပြန်တတ်သလား ဆိုတာလေးတွေကိုပဲ မေးမှာဖြစ်တယ်။ အဓိကအချက်ကတော့ ကျောင်းသား ကျောင်းသတူ တစ်ယောက်ကို အထွေထွေဗဟုသုတ မေးခွန်း လုံးဝမမေးပါဘူး။ ဒုတိယ အချက်က ဒီဝင်ခွင့်နဲ့ပတ်သက်ပြီး ဘာကျူရှင်သင်တန်းမှ မတက်စေချင်ဘူး။ ကိုယ့်ရဲ့စွမ်းရည်၊ ကိုယ့်ရဲ့ဝါသနာကိုပဲ အမှန်အတိုင်း၊ အရှိအတိုင်း လာခဲ့ဖို့ ဆုံးဖြတ်စေချင်တယ်။

 

မေး။ ။ ဝင်ခွင့်ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေအတွက် ဘယ်လိုအကြံပြုချက်မျိုး ပေးချင်ပါသလဲ။

 

ဖြေ။ ။ စောစောကပြောခဲ့သလိုပဲ။ ကျောင်းသား ကျောင်းတွေဟာ လွဲမှားမှု အချို့လေးတွေ ရှိနေတယ်။ ဘွဲ့လက်မှတ်ကို အားကိုးလွန်းတယ်။ အောင်လက်မှတ် တစ်ခုရှိရင် အဲဒီလက်မှတ်ကို အသုံးပြုပြီးမှ ဘဝလမ်းကြောင်းကို တည်ဆောက်ချင်တယ်ဆိုတဲ့ စိတ်ကူးဟာ မှားနေတယ်။ ဘွဲ့လက်မှတ်တွေဟာ တစ်ဦးချင်းစီရဲ့ စွမ်းရည်တွေကို မဖော်ပြနိုင်ဘူး။ ကမ္ဘာမှာ အကြီးဆုံး တက္ကသိုလ်ကြီးက ဆင်းလာတဲ့ ကျောင်းသား ၁၀ ယောက်ရှိရင်တောင်မှ လုပ်ငန်းရှင်တစ်ယောက်က အဲဒီ ၁၀ ယောက်ကို အလုပ် ပေးဖို့ဆိုရင် အတူတူ မစဉ်းစားဘူး။ ကိုယ်ရည်ကိုယ်သွေးနဲ့ တတ်မြောက်မှုက အဓိကကျတယ်။ ဒါကြောင့် ကျွန်တော့် ကျောင်းကို လာတဲ့အခါမှာ ဘွဲ့လက်မှတ်အတွက်နဲ့ မလာပါနဲ့။ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်လို့ ပြောရင် အလုပ်ရှာဖွေမှုမှာ လွယ်ကူကောင်း လွယ်ကူလိမ့်မယ်။ ဒါက နည်းလမ်းတစ်ခု သို့သော်လည်းပဲ ကိုယ်ပိုင်တတ်မြောက်မှုက ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့အခါမှာ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်တတ်မြောက်မှုကို အလေးအနက်ထားတယ်။

 

ဒါကြောင့် အမှန်တကယ် ကြိုးစားအားထုတ်လိုပြီး အမှန်တကယ် တတ်မြောက်လိုတဲ့စိတ်ရှိတဲ့လူ၊ ဘဝရည်မှန်းချက် ပြတ်သားခိုင်မာတဲ့လူမှပဲ ကျွန်တော်တို့ လက်ခံချင်တယ်။ အဲဒီအတွက် ဒီကျောင်းကို ရည်မှန်းချက် ပြတ်သားခိုင်မာစွာနဲ့ လာစေချင်ပါတယ်။ ကျွန်တော်တို့ ကျောင်းပညာရေးဟာ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ ပညာရေး ဟုတ်ချင်မှလည်း ဟုတ်မယ်။ ထိုက်သင့်တဲ့နေရာမှာ ကျွန်တော်တို့ပညာနဲ့ တိုင်းပြည်နဲ့ လူမျိုးကို အထောက်အကူ ပြုနေတဲ့အတွက် တကယ်ကြိုက်မှ လာခဲ့စေချင်တယ်။ လာပြီဆိုရင်လည်း တကယ် တတ်မြောက်အောင် ကြိုးစားစေချင်တယ်ဆိုတာကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား အကြံပြု ပြောကြားချင်ပါတယ်။ ကျောင်းသားမိဘတွေကိုလည်း မိမိသားသမီး ဒီတက္ကသိုလ်ဝင်ခွင့် ရဖို့အတွက် ဖြတ်လမ်းနည်းတွေနဲ့ မကြိုးစားပါနဲ့။ မိဘဆိုတဲ့အမျိုးက စိုးရိမ်စိတ် လွန်ကဲတယ်။ သားသမီးတွေကို အချစ်လွန်တယ်။ ကျွန်တော်တို့ အင်တာဗျူးမှာလည်း ကျောင်းသားတွေကို မျက်နှာသာ မပေးအောင်လည်း စီစဉ်ထားတယ်။ အဲဒီအတွက် မိဘများကို တိုက်တွန်းချင်တာကတော့ မိမိ သားသမီးဘဝ ရှေ့ရေးအတွက် မိမိရဲ့ဆုံးဖြတ်ချက်ကို ကူညီတဲ့ အခါမှာ လွဲမှားတဲ့နည်းလမ်းတွေ မသုံးကြပါနဲ့လို့ တိုက်တွန်းအကြံပြုချင်ပါတယ်။

 

ယခုလို မေးမြန်းခဲ့သည်များကို ဖြေကြားပေးခဲ့တဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းလဲကျင့်သုံးမည့် ရန်ကုန် နှင့် မန္တလေးတို့မှ တက္ကသိုလ်ပါမောက္ခချုပ်တို့နှင့် အလျဉ်း သင့်သလိုတွေ့ဆုံ၍ မိဘများနှင့် ကျောင်းသား ကျောင်းသူတို့ သိလိုသည်များကို မေးမြန်းဖော်ပြသွားပါမည်။

 

တွေ့ဆုံမေးမြန်း -ဌေးမင်း ၊ ဓာတ်ပုံ - ခင်မောင်ဝင်း (ကြေးမုံ)