တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်များ အဆင့်မြှင့်မှသာလျှင်

Dr. အောင်အောင်မင်း (ပါမောက္ခချုပ်-ငြိမ်း)

မြန်မာနိုင်ငံ ပညာရေးမှာ အခြေခံပညာ၊ အဆင့်မြင့်ပညာနဲ့ သက်မွေးပညာစတဲ့ ပညာရေးကဏ္ဍ အသီးသီးအတွက် ပညာရေးမဟာဗျူဟာစီမံချက် (၂၀၁၆-၂၀၂၁) ချမှတ်ပြီး နိုင်ငံတကာစံတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ ကာလဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မေလ ၂ ရက်မှာ “ အရှေ့တောင်အာရှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” နဲ့ မေ ၂ ရက်မှ ၅ ရက်အထိ “(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံ” ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒီလို ညီလာခံကျင်းပ ရတဲ့ရည်ရွယ်ချက်က “ အရှေ့တောင်အာရှ အတွင်းရှိ မြန်မာနိုင်ငံအပါအဝင် စာကြည့်တိုက်များနဲ့ စာကြည့် တိုက်ပညာရပ်နယ်ပယ် ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာ စာကြည့်တိုက် အဝန်းအဝိုင်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ဆောင်နိုင်ရန်” ဖြစ်ပါတယ်။ ဒီလိုစာကြည့်တိုက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲနဲ့ ညီလာခံတွေ ပြည်တွင်းမှာ ကျင်းပပေးနိုင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ကျောင်းစာကြည့်တိုက်တွေ၊ တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးလာစေရန်နဲ့ ခေတ်မီတိုးတက်လာစေဖို့ ဆောင်ရွက်ရာမှာ များစွာအထောက်အကူဖြစ်စေမှာ သေချာလှပါတယ်။

အခြေခံလိုအပ်ချက်

မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်ပြီး လုပ်ဆောင်နေတဲ့အချိန်ကာလမှာ ကျောင်းစာကြည့်တိုက်တွေနဲ့ တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်တွေ ရှင်သန်ဖွံ့ဖြိုးရေးဟာလည်း အခြေခံလိုအပ်ချက်တစ်ခုပါ။ အခြေခံပညာကျောင်းတိုင်းမှာ ကျောင်းစာကြည့်တိုက်တွေ ဖွင့်နိုင်ရေးနဲ့ တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်တွေ ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးမဖြစ်မနေ ကြိုးစားကြရာမှာ နိုင်ငံတော်အစိုးရ၊ ပညာရေး တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ဆရာ ဆရာမများ၊ မိဘပြည်သူများ အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ မူလတန်းကလေးငယ်များမှစပြီး တက္ကသိုလ်ကောလိပ်မှာပါ သင်ယူနေကြတဲ့ ကျောင်းသားလူငယ်များအထိ စာဖတ်သည့် အလေ့အကျင့်ရရှိ စေရေး၊ စာကြည့်တိုက် အသုံးပြုတတ်စေရေးနဲ့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးလာရေးကို ဆရာ ဆရာမများနှင့် စာကြည့်တိုက်မှူးများက ဦးဆောင်လမ်းပြ တာဝန်ယူ ဆောင်ရွက်ကြရမှာပါ။ စာကြည့်တိုက်ဖွံ့ဖြိုးရေးကိစ္စကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ခံယူပြီး အောင်မြင်အောင် လုပ်ကိုလုပ်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်တွေနဲ့ စာကြည့်တိုက်နှင့် သုတပညာရပ်နယ်ပယ် ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ရယ်၊ နိုင်ငံတကာ စာကြည့်တိုက် အဝန်းအဝိုင်းထဲမှာ ပါဝင်ချိတ်ဆက်နိုင်ဖို့ရယ် အရှိန်မြှင့်ပြီးကြိုးပမ်း ဆောင်ရွက်နေတာ တွေ့နေရပါတယ်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆိုတာ တစ်ချိန်က အရှေ့တောင်အာရှမှာ ခေတ်အမီဆုံးနဲ့ စာအုပ်၊ စာတမ်း အစုံလင်ဆုံး စာကြည့်တိုက်ကြီးအဖြစ် သမိုင်းမှတ်တမ်းရှိခဲ့ဖူးတာပါ။ နိုင်ငံတော်က Centre of Excellence လို့ သတ်မှတ်စံထားရတဲ့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ အဓိက Software  (အပျော့ထည်) ပိုင်းဖြစ်တဲ့ ခေတ်မီဝန်ဆောင်မှု၊ အသုံးပြုမှုစနစ်၊ ခေတ်မီစာကြည့်တိုက် နည်းပညာနဲ့ သင်တန်းများအကြောင်းကိုအလေးထား တင်ပြလိုပါတယ်။ တက္ကသိုလ်စာကြည့်တိုက်မှာ သမားရိုးကျ ကတ်တလောက်စနစ်နဲ့ electronic စနစ်နှစ်မျိုးနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ် စာပေအသစ်များ၊ သုတ၊ ရသစာအုပ်များကို စင်ဖွင့်စနစ်နဲ့ အသုံးပြုစေခြင်း၊ အသစ်ထွက်လာတဲ့ စာအုပ်၊ စာပေ၊ ဂျာနယ်တွေကို  display ပြသပေးခြင်း၊ ရည်ညွှန်းစာအုပ်များကို စာဖတ်သူမှ တောင်းဆိုခဲ့ရင် စာအုပ်ထားသိုခန်းမှာ ကိုယ်တိုင်ရှာဖွေခွင့်ပြုခြင်း စတဲ့ဝန်ဆောင်မှုတွေ ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် စာကြည့်တိုက်ရဲ့ Facebook ု မှာ အသစ်ရောက်တဲ့ စာအုပ်များကို ကြေညာပေးခြင်း၊ ကျောင်းစဖွင့်ချိန်မှာ Library Orientation ပြုလုပ်ပြီး စာဖတ်ရှိန်မြင့်လာအောင် စည်းရုံးဆောင်ရွက်ခြင်း၊ ကျမ်းစာအုပ်နှင့် သုတေသန ဂျာနယ်များ ဖတ်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရဲ့ electronic  စနစ်ကို ၂၀၁၄ နှစ်စပိုင်းမှာ စတင်ခဲ့ပြီး Electronic Library Management System နဲ့ အင်္ဂလိပ်စာအုပ် ကတ်တလောက် ၂၄၉၇၅ အုပ်၊ မြန်မာကက်တလောက် ဒေတာ ၁၂၈၇၀ အုပ်၊ ဘာသာရပ်ဆိုင်ရာ ကျမ်း Thesis စာအုပ်ပေါင်း ၈၁၂၇ အုပ်တို့ကို ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနဲ့ ပြင်ပလေ့လာသူ ပုဂ္ဂိုလ်များ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတိုအတွင်း ရှာဖွေလေ့လာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါတယ်။ ထိုမျှမကဘဲ ရှားပါးစာအုပ် ၁၈၈ အုပ်၊ ပညာရပ်ဆိုင်ရာ e-books ၃၅၀ဝကျော်၊ e.Joural ပေါင်း ၁၀ဝဝဝ ကျော်နဲ့ e-book ပေါင်း ၁၃၀ဝဝ ကျော်တို့ကို Online  မှာ တင်ထားပြီးပါပြီ။ ဒီလိုတင်ပေးထားတဲ့အတွက် သင်ကြားရေးနဲ့ သုတေသန ကိစ္စအားလုံးအတွက် အဆင့်မြင့် အရည်အသွေးရှိတဲ့ နိုင်ငံတကာ ဂျာနယ်နဲ့ဆောင်းပါးများ၊  မဂ္ဂဇင်းများကို e-Library ပုံစံဖြင့် Online  မှတစ်ဆင့် လေ့လာဖတ်ရှု ကိုးကားနိုင်ကြပြီဖြစ်ပါတယ်။

စဉ်ဆက်မပြတ်သင်တန်းများပေးခြင်း

 Electronic Information for Libraries Project ကို ၂၀၁၄ ဇန်နဝါရီမှာ စတင်နိုင်ခဲ့ပါတယ်။ အကျဉ်းချုံး ပြောရရင်  Database  ၃၅ ခုစုစည်းပြီး EBSCO Discovery Sercvice EDS  မှတစ်ဆင့် အသံဖိုင်၊ ဗီဒီယိုဖိုင်၊ ရုပ်ပုံများ၊ သတင်းစာများနဲ့ ရည်ညွှန်းစာအုပ်များကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်နဲ့ ဒဂုံတက္ကသိုလ်တို့မှာ ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ အခြားဝန်ဆောင်မှုများအနေဖြင့် ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ စာကြည့်တိုက်မှူးအသစ်များကို အခြေခံ စာကြည့်တိုက်ပညာသင်တန်းပေးခြင်း၊ Online Database များကို မည်ကဲ့သို့ ရှာဖွေ အသုံးပြုရမယ်ဆိုတာ ဆရာ ဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေ လွယ်ကူစွာ အသုံးပြုနိုင်အောင် စဉ်ဆက်မပြတ်သင်တန်းများပေးခြင်း စတဲ့ ဝန်ဆောင်မှုများ ပေးနေတာပါ။

Library Orientation Programme  မှာလည်း သစ်လွင်ကျောင်းသား၊ ကျောင်းသူတွေ စာကြည့်တိုက်မှာ စာဖတ်လာကြစေရန် စာကြည့်တိုက်ကို စနစ်တကျ အသုံးပြုတတ်စေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

တက္ကသိုလ်အသစ်တွေတိုးချဲ့ဖွင့်လှစ်

တက္ကသိုလ်နဲ့ စာကြည့်တိုက်ဆိုတာ ရေနဲ့ကြာလိုပါပဲ၊ ခွဲခြားလို့မရနိုင်ပါ။ စာကြည့်တိုက်ဆိုတာ ပညာရပ် ဆိုင်ရာစာအုပ်၊ စာပေတွေ၊ သုတ၊ ရသစာပေတွေ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ စာပေမျိုးစုံ စုဆောင်းထားရှိတဲ့ စာပေဘဏ်တိုက်ကြီးနဲ့ တူပါတယ်။ လူတိုင်းကို ပညာမျက်စိဖွင့်ပေးတဲ့ ပညာ ဗဟုသုတဘဏ်လို့လည်း ဆိ်ုနိုင်ပါတယ်။ သို့ပေမယ့် ၁၉၈၈ ခုနှစ် အရေးအခင်းနောက်ပိုင်းကာလမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေမှာ ဘွဲ့ကြို သင်တန်းနဲ့ ကျောင်းဆောင်ထားရှိမှု အားလုံးချုပ်ငြိမ်းသွားခဲ့ရပါတယ်။ နောက်တော့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက် အစွန်အဖျားတွေမှာ တက္ကသိုလ်အသစ်တွေ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အကယ်ဒမစ်ပညာဝန်းကျင်ဟာ အသက်ဝင်မှုမရှိတော့ဘဲ ခြောက်ကပ်သွားခဲ့တာ အနုတ်လက္ခဏာဖြစ်သွားရခြင်းပါပဲ။ တက္ကသိုလ်စာကြည့်တိုက်မှာလည်း ဘွဲ့လွန်တက်ဆဲ ဆရာ ဆရာမနဲ့ ပြင်ပသုတေသီ အနည်းအကျဉ်းပဲ လေ့လာဖတ်ရှုသူရှိပါတော့တယ်။

e-library  အဆင့်မြှင့်

တစ်နိုင်ငံလုံးမှာ တက္ကသိုလ်၊ ကောလိပ်တွေရာနဲ့ချီ ပြီးဖွင့်ထားတော့ တက္ကသိုလ် စာကြည့်တိုက်တွေလည်း ရာနဲ့ချီပြီး ဖွင့်လှစ်ခဲ့တာပါ။ တက္ကသိုလ် ဆရာ ဆရာမ တွေဟာ ကိုယ်တိုင်က သင်ကြားရေးနဲ့ သုတေသနအရည်အသွေးတွေ အမြဲထက်မြက်နေအောင် စာကြည့်တိုက်ကို ပုံမှန်သွားပြီး နိုင်ငံတကာကပညာရပ် ရည်ညွှန်း စာအုပ်တွေ သုတေသန စာစောင်တွေကို မပြတ်လေ့လာ ဖတ်ရှုနေဖို့လိုပါတယ်။ သို့ပေမယ့် တက္ကသိုလ် စာကြည့်တိုက် အများစုမှာ စာဖတ်သူဦးရေနည်းပြီး အသက်မဝင်တော့တာကြာနေပါပြီ။ ဆရာ ဆရာမတွေ ကိုယ်တိုင်က ပညာရပ်စာပေရော၊ သုတ၊ ရသစာပေပါ ဖတ်ရှုလေ့လာမှု အားနည်းလာတယ်ဆိုတဲ့ သင်္ကတေတွေပါပဲ။ စာပေ လေ့လာဖတ်ရှုမှုအားကောင်းမှ မိမိရဲ့ကိုယ်ပိုင်အတွေး အမြင်၊ အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး သင်ကြားမှုနဲ့ သုတေသန အရည်အသွေးတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်။ မည်သို့ဆိုစေ တက္ကသိုလ် ဆရာဆရာမတွေဆိုတာ ပညာရေးမှာ တက်တက်ကြွကြွနဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ဦးဆောင်သူ “စံပြ”  ဖြစ်နေရမှာ မဟုတ်ပါလား။

မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲရာမှာ တက္ကသိုလ်များ စာကြည့်တိုက်အပါအဝင် ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်  စာကြည့်တိုက်ကြီးတွေကို e-library  အဆင့်မြှင့်ပေးပြီး နိုင်ငံတကာ စာကြည့်တိုက်ကြီးများနဲ့ ချိတ်ဆက်ပူးပေါင်းကာ ဝန်ဆောင်မှုများ ပေးနိုင်ပြီဖြစ်ပါတယ်။ ဒီလို အရည်အသွေး တိုးတက်မြင့်မားလာခြင်းဟာ မြန်မာ့ပညာရေးအတွက် အပေါင်းလက္ခဏာပါ။

သို့ပေမယ့် အခြားသော တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရှိကြတဲ့ တက္ကသိုလ်၊ ကောလိပ်တွေရဲ့ စာကြည့်တိုက်တွေကိုလည်း နောက်ကျန်ရစ်မနေအောင် အရည်အသွေးမြှင့်ပေးဖို့ လိုအပ်ပါတယ်။

 နိုင်ငံလည်း အဆင့်မြင့်မားတိုးတက်

အထူးသဖြင့် တက္ကသိုလ်၊ ကောလိပ်စာကြည့်တိုက်အားလုံးကို သမားရိုးကျ ဝန်ဆောင်မှုစနစ်အပြင် ဆက်သွယ်မှုမြန်ဆန်လှတဲ့ ယနေ့အိုင်တီခေတ်မှာ Electronic စနစ် အဆင့်မြှင့်ပေးနိုင်ဖို့ အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်ရန် အရေးကြီးပါတယ်။ တက္ကသိုလ် စာကြည့်တိုက်အချင်းချင်း ချိတ်ဆက် ပူးပေါင်းနိုင်ရန်လည်း ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ရမှာပါ။ တက္ကသိုလ်စာကြည့်တိုက်အားလုံးရဲ့  Facility  တွေကို အပြည့်အဝ ပေးနိုင်ဖို့လည်း လိုပါလိမ့်မယ်။ အထူးသဖြင့် စာအုပ်ထားသိုခန်းများခေတ်မီရေး၊ ကွန်ပျူတာခန်းများ ခေတ်မီပြည့်စုံရေး၊ စာကြည့်တိုက်ဝန်ထမ်းများ အရည်အသွေးမြင့်လာစေရန် မွမ်းမံသင်တန်းများ ပေးရေး၊ စာကြည့်တိုက်ဖွင့်ချိန် တိုးမြှင့်ပေးရေးတို့ကို အားလုံး တစ်ပြေးညီဖြစ်အောင် စီမံချက်များ ချမှတ်ဆောင်ရွက်သင့်ပါတယ်။ သို့မှသာ စာကြည့်တိုက်ရဲ့ အရည်အသွေး မြင့်လာပြီး အသိဉာဏ်ပြည့်ဝ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် ပညာတက်လူငယ်များ၊ အကယ်ဒမစ်ပညာရှင် ဆရာ ဆရာမများ၊ သုတေသီများ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် တက္ကသိုလ်ကောလိပ်စာကြည့်တိုက်တွေ အဆင့်မြင့်လာရင် တက္ကသိုလ်၊ ကောလိပ်တွေလည်း အဆင့်မြင့်လာမှာပါ။ တက္ကသိုလ်တွေ အဆင့်မြင့်လာမှသာ မြန်မာ့ပညာရေးလည်း အဆင့်မြင့်လာမှာဖြစ်ပါတယ်။ ဒီထက်ဆိုရရင် ပညာရေးကဏ္ဍ အဆင့်မြင့်လာမှသာ နိုင်ငံလည်း အဆင့်မြင့်မားတိုးတက်လာမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကြေးမုံ