တက္ကသိုလ်နှင့် ကျောင်းများအားလုံး ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေများ အဖြစ်ကြိုးပမ်း

ရန်ကုန်   ၁၇   ဇွန် 

 

မြန်မာပြည်တစ်ဝန်းရှိ စာသင်ကျောင်းများနှင့်တက္ကသိုလ်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရန် ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်တို့တွင် ဆေးလိပ်ငွေ့ ကင်းစင်သော နယ်မြေများအဖြစ် (၂၀၁၉) ခုနှစ် အတွင်း ဖော်ဆောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ သိရသည်။

 

 (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလတွင် ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေအဖြစ် ရန်ကုန်တက္က သိုလ်ကို စတင်ဆောင်ရွက်ခဲ့ရာ(၂၀၁၉) ခုနှစ်တွင် ဆေးလိပ်ငွေ့ ကင်းစင်သော နေရာအဖြစ် ကြေညာနိုင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်(၁၈)ခုတွင် (၁၀)ခုမှ ဆေးလိပ်ငွေ့ကင်းစင်သော နေရာအဖြစ် သတ်မှတ်နိုင်ခဲ့၍ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ရန် ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးရတနာပုံ တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်တို့တွင် ဆေးလိပ်ငွေ့ ကင်းစင်သော နေရာများအဖြစ် ဖော်ဆောင်ခဲ့သည့်အတွက် ကျန်ရှိသော တက္ကသိုလ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်လျက် ရှိသည်။

 

 “ရန်ကုန်မြို့မှာရှိတဲ့ ကျောင်း၊တက္ကသိုလ်အားလုံးကို ဆေးလိပ်ငွေ့ကင်းစင်ရေးကို စီမံချက်လုပေ် ဆာင်နေတာဖြစ်တာကြောင့် ၂၀၁၉ ခုနှစ်၊ နှစ်မကုန်ခင်မှာ ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေဖြစ်နိုင်အောင် ဝိုင်းဝန်ပြီး ကြိုးစားနေပါတယ်။ (၂၀ဝ၆)ခုနှစ်ထဲက ဥပဒေပြဋ္ဌာန်းထားပေမယ့် တက္ကသိုလ်၊ကောလိပ်နဲ့အခြေခံပညာ ကျောင်းတွေမှာ ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေထူထောင်ရမည်ဆိုပြီး ထားပေမယ့် လုပ်နိုင်တဲ့နေရာ ရှိသလိုမလုပ်ဆောင်နိုင်တဲ့ နေရာတွေလည်း ရှိတယ်။ အထူးသဖြင့် ကျောင်းသားနဲ့ ဆရာတွေလည်း လိုက်နာဖို့လိုမယ်။ ဆေးလိပ်သောက်ရမယ့်နေရာ၊ မသောက်ရမယ့်နေရာကို တိတိကျကျ လိုက်နာရင် အောင်မြင်တယ်ဆိုတာကို မကွေးဆေးတက္ကသိုလ်က သက်သေပြခဲ့တာကြောင့် ကျန်တဲ့ တိုင်းနဲ့ပြည်နယ်က တက္ကသိုလ်တွေကိုလည်း ဆွေးနွေးပွဲတွေလုပ်ဆောင်တဲ့ ရလဒ်က အောင်မြင်မှုတွေ ရလာပါတယ်။ တစ်နိုင်ငံလုံးနဲ့ဆိုရင် (၃၀) ရာခိုင်နှုန်း အောင်မြင်တယ်လို့ မျှော်မှန်းပါတယ်” ဟု ရန်ကုန်ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင် ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး၏ အချက်အချာကျရာမြို့နယ်များနှင့် အများပြည်သူသွားလာရာ နေရာတို့ တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ပူးပေါင်းကာ “ဆေးလိပ်ငွေ့ကင်းစင်ရန် ကုန်မြို့တစ်ခွင်” ခေါင်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကျောက်တံတားမြို့နယ်သည် ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေအဖြစ် (၆၀) ရာခိုင်နှုန်း အောင်မြင်လျက်ရှိပြီး ယင်းနှင့် ထိစပ်နေသော မြို့နယ်ခြောက်မြို့နယ်ကိုလည်း ယခုနှစ်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာပြည်တစ်ဝန်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာ ကျောင်းများတွင် ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေအဖြစ် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားဆောင်ရွက်လျက်ရှိသည့် နည်းတူ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှလည်း အမိန့်၊ညွှန်ကြားလွှာများ ထုတ်ပြန်ထားရာ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ လမ်းညွှန်မှုဖြင့် အောင်မြင်မှုကို ပိုမိုမြန်ဆန်စေမည်ဖြစ်ကြောင်းနှင့် ဟန်ချက်ညီစွာ ပူးပေါင်းမှုဖြင့် ဆေးလိပ်ငွေ့ကင်းစင်ရေးသည် အချိန်တိုအတွင်း အောင်မြင်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ - သန်းစိုး