တက္ကသိုလ်နည်းပြဆရာ ၅၀ဝ ကို ဉာဏ်ရည်တုနည်းပညာ (AI) လေ့ကျင့်ပေးဖို့ တရုတ်အစိုးရ စီစဉ်နေ

ပေကျင်း ၈ ဧပြီ

 

ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်လို့ တက္ကသိုလ်နည်းပြဆရာ ဦးရေ ၅၀ဝ နဲ့ ကျောင်းသား ၅၀ဝဝ ကို လေ့ကျင့်သင်ကြားပေးဖို့ တရုတ်အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

 

အဆိုပါ အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ပီကင်းတက္ကသိုလ်နဲ့ ဆန်းသစ်တီထွင်မှုဌာနက ပူးပေါင်းစီစဉ်တာဖြစ်ပြီး ငါးနှစ်တာ ကြာမြင့်မှာဖြစ်ပါတယ်။ ဉာဏ်ရည်တုနည်းပညာ ပါရမီအခံရှိသူတွေကို လေ့ကျင့်သင်ကြားပေးဖို့နဲ့ ကမ္ဘာအနှံ့က ဉာဏ်ရည်တုနည်းပညာ ကျွမ်းကျင်ပညာရှင်တွေကို တရုတ်ကို လာရောက်လုပ်ကိုင်ရန် ဆွဲဆောင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မူကြမ်းတစ်ခု တရုတ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

 

ယခုအစီအစဉ်သစ်က နည်းပြဆရာတွေနဲ့ ကျောင်းသားတွေကို ဦးတည်ထားပြီး အားလုံးက ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စခန်းသွင်းလေ့ကျင့်မှုမှာ အတူလိုက်ပါဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နည်းပြဆရာတွေနဲ့ ကျောင်းသားတွေကို A.M. Turing Award ရရှိထားသူ အမေရိကန် ကွန်ပျူတာသိပ္ပံပညာရှင် John E. Hopcroft နဲ့ ဆန်းသစ်တီထွင်မှု သုတေသနဌာနအကြီးအကဲ Kai-Fu Lee တို့က လေ့ကျင့်သင်ကြားသွားမှာ ဖြစ်ပါတယ်။

 

၂၀၁၈ အတွက် နည်းပြ ၁၀ဝ နဲ့ ကျောင်းသား ၃၀ဝ ကို လေ့ကျင့်သွားဖို့ စီစဉ်ထားပြီး တရုတ်နိုင်ငံတစ်ဝန်း တက္ကသိုလ်တွေမှာ ပြန်လည်ဖြန့်ကျက်ပေးနိုင်တဲ့ စနစ်တစ်ခု ဖြစ်လာဖို့ မျှော်မှန်းထားကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

 

ဘာသာပြန် > မိုးမမ