တက္ကသိုလ်သုတေသနဌာနများ လိုက်နာကျင့်သုံးမည့် သုတေသနမူဝါဒ ထွက်ရှိလာစေရန် အကောင်အထည်ဖော်မည်

မန္တလေး ၂၃ သြဂုတ်

 

ပညာရေးဝန်ကြီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တက္ကသိုလ် သုတေသနဌာနများက လိုက်နာကျင့်သုံးမည့် “သုတေသနမူဝါဒ၊ နည်းလမ်း၊ လမ်းညွှန်၊ ဖွဲ့စည်းပုံများ”ထွက်ရှိလာစေရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တက္ကသိုလ်များ၊ သုတေသနဌာနများတွင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်နေသည့် နည်းပညာအကူအညီများ ပေးနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

 

"R&D Policy ကို ASEAN နိုင်ငံများနှင့်ကိုက်ညီမှုရှိစေရန် အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ သုတေသနစစ်တမ်း ကောက်ယူချက်များကို အခြေပြုပြီး ရေးဆွဲသွားမယ် နည်းပညာများနဲ့အသိပညာများကို အပြန်အလှန် ဖလှယ် ရယူပြီး မိမိနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေ သယံဇာတထွက်ကုန်တွေ သဘာဝအရင်းအမြစ်များကို သုတေသန အခြေပြု စီးပွားရေးရရှိစေရန်အတွက် ဒါကို ဆောင်ရွက်သွားမှာပါ" ဟု မန္တလေးနည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး က ပြောသည်။

 

ယင်း သုတေသန စီမံကိန်းကို ASEAN Plan of Action on Science Technology and Innovation (APASTI) မှ ငွေကြေးအထောက်အပံ့ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

 

အဆိုပါ သုတေသနမူဝါဒ ထွက်ရှိလာရန် “Develop of Policies, Guidelines, Mechanisms and Frameworks on R&D” ဟုခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ Mecure Mandalay Hill Resort Hotel ၌ သြဂုတ်လ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

သူရိန်လင်း
Photo- mtustudentunion facebook