တက္ကသိုလ်ဝင် စာမေးပွဲဖြေဆို ကျောင်းသူကျောင်သားတွေနဲ့ မိဘတွေရဲ့ ပထမနေ့ အတွေ့အကြုံ

ရန်ကုန် ၇ မတ်

ယခုနှစ် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၈၄၀ဝ၀ဝ ကျော်ရှိပြီး နိုင်ငံခြားစာစစ်ဌာန ၂၁ ခု အပါအဝင် စုစုပေါင်းစာစစ်ဌာန ၁၇၄၂ ခု ဖွင့်လှစ်ပေးထားကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံနှင့် ဗဟိုအမျိုးသမီးဆေးရုံ(ရန်ကုန်)တို့တွင် စာစစ်ဌာနများကိုလည်း ဖွင့်လှစ်ပေးထားကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။ 

ယနေ့ မြန်မာစာ စတင်ဖြေဆိုတဲ့နေ့မှာ ကျောင်းသား/ ကျောင်းသူ အများစု လွယ်ကူစွာဖြေဆို နိုင်တယ်လို့စုံစမ်းသိရှိရပါတယ်။ ကျောင်းသား/ ကျောင်းသူများရဲ့ အတွေ့အကြုံနှင့် မိဘများရဲ့ ကလေးတွေပေါ်ထားတဲ့ ခံစားချက်တွေကို ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မစိမ်းလဲ့နှင်း

နှစ်စကတည်းက တစ်အုပ်လုံးကို ကျေကျေညက်ညက်ကြည့်ခဲ့တဲ့ အတွက်ကြောင့် ကိုယ်မှန်းသလောက် အမှတ်ရမယ် ထင်ပါတယ်။ မနေ့ညက အရမ်းကြောက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်ကပါတဲ့ မေးခွန်းတွေကို လွတ်ခဲ့တဲ့အတွက်ကြောင့် ဒီမေးခွန်းတွေကိုပဲ ထပ်မေးလို့ရှိရင် မဖြေနိုင်မှာ ကြောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ဖြေတဲ့အခါမှာ အကုန်လုံးက ကိုယ်ကြည့်ထားတဲ့ ရှုထောင့်ကနေပြီး မေးတဲ့အတွက်ကြောင့် ပိုင်ပိုင်နိုင်နိုင် ဖြေနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီနှစ်က အရင်နှစ်တွေထက် စာဖြေသူတွေ များလာတယ်။ နောက်ပြီးတော့ ရာသီဥတုက အရင်နှစ်တွေထက် ပိုပူတယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်စာမေးပွဲဖြေ တဲ့သူအားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါ။ ကိုယ်တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှ ဒီအချိန်မှာ ကျန်းမာရေးထိခိုက်သွားရင် ရည်မှန်းချက်တွေက ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ဦးတည်ချက်တွေလည်း ရွေ့လျားသွားနိုင်ပါတယ်။ အဲဒါကြောင့် အချိန်ခဏလေးအတွင်းမှာ မဆုတ်မနစ်နဲ့ ဇွဲရှိရှိနဲ့ကြိုးစားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်မှာပါ။

 

 

ဇေယျာမျိုးသိန်း

မြန်မာစာမေးခွန်းက ပုံမှန်လောက်ပါပဲ။ မေးခွန်းတိုက အလွန်လွယ်တယ်။ စာစီစာကုံးက ခက်တယ် ကျန်တာလွယ်တယ်။ တချို့စာတွေက မေးခွန်းဟောင်းတွေ ပြန်ပါတာရှိတယ်။ ကျွန်တော့အနေနဲ့ ပုံမှန်စာကျက်ဖြစ်ပါတယ်။ စာမေးပွဲဖြေခါနီး အလွန်စိတ်လှုပ်ရှားတယ်။ ဖြေခါနီး လက်တွေတောင်တုန်တယ်။ စာမေးပွဲဖြေတဲ့သူတွေ အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ အပူအစပ်ရှောင်ပါလို့ ပြောချင်ပါတယ်။

 

 

ဦးအောင်ကျော်

ကျွန်တော့်သမီးကြီး စာမေးပွဲဖြေတာပါ။ သားသမီးထဲမှာ ပထမဆုံးဆယ်တန်းစာမေးပွဲဖြေတာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုတော့ရှိတာပေါ့ ကလေးကို မိဘနှစ်ပါးလုံးက နေ့တိုင်းပုံမှန် ထိန်းသိမ်းပါတယ်။ စားဖို့သောက်ဖို့ကအစ စာကျက်တာအားလုံး အချိန်နဲ့အခါနဲ့ လုပ်ထားပါတယ်။ လူတိုင်းကတော့ ကိုယ့်သားသမီးကို ပညာတတ်ဖြစ်စေချင်တာပါပဲ။ အားလုံးကတော့ ဘာပဲပြောပြော ကြပ်ကြပ်မတ်မတ် စည်းနဲ့ကမ်းနဲ့ သွားမယ်ဆိုရင် အကုန်လုံး အဆင်ပြေမှာပါ။ ကျွန်တော်က စီးပွားရေးသမားဆိုတော့ ကလေးက ဘယ်ဟာအားသန်တယ်ဆိုတာ သူ့အအပေါ် ကြည့်ရမှာပါ။ ကလေးရဲ့ ကြိုးစားမှုကို အားရပါတယ် သူကတော်ပြီးသား သူ့အရည်အချင်းနဲ့ သူသွားမှာပဲ ကျွန်တော်တို့ကတော့ ပါရမီဖြည့်ယုံပဲ။

 

 

ဒေါ်မော်မော်ထွန်း

အန်တီခံစားမှုကတော့ ကိုယ်တိုင်ဖြေရသလိုပဲ ရင်ခုန်ရပါတယ်။ သူ့ရဲ့ကြိုးစားမှုကို ကျေနပ်အားရမှု ရှိပါတယ်။ အန်တီကသူ့ကို guide လုပ်ပေးတယ်။ နှစ်စကနေစပြီး တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ခိုင်းတယ်။ သူ့ကိုဆရာဝန်လုပ်ခိုင်းဖို့ ရည်မှန်းထားတယ်။ သူ့ရဲ့အမမေမြတ်နိုးကလည်း ဒီကျောင်းမှာ ခြောက်ဘာသာဂုဏ်ထူး ထွက်ထားတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဖြေဆိုကြတဲ့ ကလေးတွေ ပေါ့ပေါ့ပါးပါး နားနားနေနေ တစ်နေ့စာတစ်နေ့ ပြန်ကြည့်သွားပါ။ အခုရက်ပိုင်း ဖိအားတွေမဝင်ပါနဲ့လို့ ပြောချင်ပါတယ်။

 

 

တွေ့ဆုံမေးမြန်း ဇာနည်မောင်

ဓာတ်ပုံ - အေးမင်းသူ