တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၁၃ မတ်

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဉ္စမနေ့အဖြစ် ဆက်လက်ကျင်းပပြုလုပ်ရာ ယနေ့တွင် ရူပဗေဒ ဘာသာရပ်ကို ဖြေဆိုကြသည်။ ရူပဗေဒဘာသာကို  အတွဲ(၁) ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ အတွဲ(၅) ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း၊ အတွဲ(၆) ဓာတုဗေဒ၊  ရူပဗေဒ၊  စိတ်ကြိုက်မြန်မာစာ၊ အတွဲ(၇)  ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် အတွဲ(၈) ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင် ဘာသာတွဲယူသည့် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုကြကြောင်း သိရသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ရူပဗေဒဘာသာ ဖြေဆိုရန် ၂၂၈၆၂ ဦး စာရင်းသွင်းထားပြီး ၂၁၃၈၂ ဦး ဖြေဆိုကြသည်။

 

ယနေ့ စာမေးပွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာန၌ လူနာစာဖြေသူ (၁၆)ဦး ဖြေဆိုခဲ့ကာ နှစ်ဦးပျက်ကွက်ခဲ့သည်။ မြောက်ဥက္ကလာပဆေးရုံကြီးတွင်လည်း စုစုပေါင်း စာဖြေသူ ခုနစ်ဦး ကိုယ်တိုင်ရေးသား ဖြေဆိုကြသည်။

 

အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ၂၂ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်တွင် ၃၇ ဦး ဘားအံအကျဉ်းထောင်တွင် ရှစ်ဦး၊  ရွှေဘိုအကျဉ်းထောင်တွင် တစ်ဦး၊ မြိတ်အကျဉ်းထောင်တွင် နှစ်ဦး၊ တောင်ငူအကျဉ်းထောင်တွင် နှစ်ဦး၊ စစ်တွေအကျဉ်းထောင်တွင် တစ်ဦး၊ မြောင်းမြအကျဉ်းထောင်တွင် တစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူရဲစခန်းတွင် အချုပ်သားတစ်ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အချုပ်သားနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တွင်  အချုပ်သား တစ်ဦး၊ မကွေးတိုင်းဒေသကြီး ထီးလင်းရဲစခန်းတွင် အချုပ်သားတစ်ဦးတို့သည် ရူပဗေဒဘာသာကို  ဖြေဆိုကြသည်။

 

အကြားအာရုံမသန်စွမ်းသူ စာဖြေသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် လေးဦး၊   မန္တလေးတိုင်းဒေသကြီးတွင် သုံးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်ဦး စုစုပေါင်း ၁၀ ဦး ရူပဗေဒဘာသာရပ်ကို ဖြေဆိုကြကြောင်း သိရှိရသည်။

 

(သတင်းစဉ်)