တက္ကသိုလ်ဝင်းများ သန့်ရှင်းသာယာသပ်ရပ်ရေး စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကြည့်ရှုအားပေး

ရန်ကုန် မတ် ၄

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ မတ် ၄ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ် စစ်ကိုင်းလမ်းသို့ သွားရောက်၍ ပူးပေါင်းအင်အား ၁၂၀ ဖြင့် ရန်ကုန်တက္ကသိုလ်ဝင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် တက္ကသိုလ်ဝင်းအတွင်း စစ်ကိုင်းလမ်းနှင့် အဓိပတိလမ်း တစ်လျှောက် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ အမှိုက်၊ သဲ၊ ခဲများ လှဲကျင်းရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်၍ အလင်းဖွင့်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်း အတွင်းမှ အင်းလျားကန်သို့ ဝင်ရောက်သည့် ရေမြောင်းအား  စက်ယန္တရားသွင်း၍ ပြန်လည်တူးဖော် ဆယ်ယူရှင်းလင်းရန် မှာကြားသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီလမ်းရှိ ဆေးဝါးတက္ကသိုလ်-ရန်ကုန်သို့ သွားရောက်၍ ပူးပေါင်းအင်အား ၁၀၀ ဖြင့် ဆေးဝါးတက္ကသိုလ်-ရန်ကုန်ဝင်း သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် တက္ကသိုလ်ဝင်းအတွင်း ရေမြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံ နွယ်များ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စာသင်ဆောင်များအတွင်း ခြင်းဆေးမှုတ်ခြင်း၊ တက္ကသိုလ်ရှိ ရေကန်များ အဘိတ်ဆေး ခတ်ခြင်းနှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး စက်မှု ဆေးဝါးလမ်းရှိ ရေမြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းရန်မှာ ကြားသည်။

ယင်းနောက် မြို့တော်ဝန်သည် မွန်းတည့် ၁၂ နာရီတွင် မြို့တော်ခန်းမ၊ အစည်းအဝေးခန်းမ(၄)၌ ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်၍ အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပြီး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ စီမံရေးရာဌာန၊ ဌာနမှူးက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီများက အသီးသီးတင်ပြကြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်က တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်