တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ စတင်ထုတ်ပေး

ရန်ကုန်  ၄  ဇွန်

ပြီးခဲ့သည့်ဇွန် ၂ ရက်ကထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်းအောင်စာရင်းများမှ အောင်မြင်/ကျရှုံး ကျောင်းသား ကျောင်းသူများ၏ အမှတ်စာရင်းများကို ယနေ့နံနက်ပိုင်းမှစ၍ တက္ကသိုလ်လှိုင်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၌ စတင်ထုတ်ပေးလျက်ရှိသည်။

"၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေရဲ့ စာရင်းတွေရော၊ ကျရှုံးသူတွေရဲ့စာရင်းပါ ဒီကနေ့  စတင်ထုတ်ပေးပါတယ်။ ရန်ကုန်ရုံးခွဲအနေနဲ့ လှိုင်တက္ကသိုလ်နယ်မြေ    ဇွဲကပင်ဆောင်နဲ့ မေခ ဆောင်မှာ တစ်နိုင်ငံလုံးက စာရင်းတွေထုတ်ပေးပြီးတော့    နေပြည်တော်အနေနဲ့ကတော့ ရုံးအမှတ်(၅၂)မှာ ထုတ်ပေးပါတယ်။ ရုံးပိတ်ရက်ကလွဲပြီး တစ်နှစ်ပတ်လုံး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ရန်ကုန်ရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောသည်။

အမှတ်စာရင်းထုတ်လိုသူများအနေဖြင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော် လည်းကောင်း လျှောက်ထားထုတ်ယူနိုင်ပြီး အမည်နှင့် ခုံနံပါတ်သာ လိုအပ်မည်ဖြစ်ကာ တံဆိပ်ခေါင်းဖိုးနှင့် လျှောက်လွှာဖိုး ၄၀ဝ ကျပ်ပေးသွင်းရကြောင်း သိရသည်။

အဆိုပါအမှတ်စာများကို အထက်ပါနေရာနှစ်နေရာ၌ ထုတ်ပေးလျက်ရှိသည့်အပြင် Mobile အဖွဲ့များ ဖွဲ့စည်းကာ မြန်မာနိုင်ငံစာစစ်ဦးစီးဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် အမှတ်စာရင်းထုတ်ပေးရန် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ခွာသွားပြီဖြစ်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးသို့လည်း ဆက်လက်သွားရောက်လိမ့်မည် ဖြစ်ကြောင်း သိရသည်။

အမှတ်စာရင်းများကို နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိရာ စတင်ထုတ်ပေးသည့်ရက်များအတွင်း လာရောက်သူများပြားပြီး တစ်ရက်လျှင် လူဦးရေ ၃၀ဝဝဝ ခန့် လာရောက်လျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ မြင့်မောင်