တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ဘာသာရပ် မေးခွန်းပြောင်းလဲမည့်အပေါ် စိုးရိမ်မှုမရှိရန် ဆရာကြီး ဦးနေအုပ်(စိန့်ပေါလ်)တိုက်တွန်း

မန္တလေး ၂၀  သြဂုတ်

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်တွင် မေးခွန်းပြောင်းလဲမည့်အတွက် ကျောင်းသူ၊ ကျောင်းသားများ စိုးရိမ်မှု မရှိရန် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာန ပါမောက္ခချုပ် အငြိမ်စား ဆရာကြီး ဦးနေအုပ်(စိန့်ပေါလ်)က ပြောသည်။

 

 

 

အင်္ဂလိပ်စာမေးခွန်း ၁၀ မှတ်တန် သုံးခုကို ပြောင်းလဲ၍ မေးမြန်းမည်ဖြစ်ကြောင်း သိရသည်။

 

"မေးခွန်းပြောင်းလို့ မစိုးရိမ်ပါနဲ့၊ သင်နည်းရှိပါတယ် ၊ လေ့ကျင့်နည်းရှိပါတယ်" ဟု ရန်ကုန်တက္ကသိုလ် ၊ အင်္ဂလိပ်စာဌာန ပါမောက္ခချုပ် အငြိမ်စားဆရာကြီး ဦးနေအုပ်(စိန့်ပေါလ်)က ပြောသည်။ 

 

အင်္ဂလိပ်စာမေးခွန်းတွင် closed type မေးခွန်း ၊ ကွက်လပ်ဖြည့်မေးခွန်း ၊ unseen စာပုဒ် ဖြေဆိုခြင်း စတဲ့ မေးခွန်းများတွင် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

 

"ပြောင်းရတဲ့ရည်ရွယ်ချက်က အင်္ဂလိပ်စာကို ၁ တန်းကနေသင်လိုက်တာ ၁၂ တန်းအထိ။ ၁၂ တန်းအောင်တော့လည်း အင်္ဂလိပ်စာ ပြောတတ်သလား ဆိုတော့ မပြောတတ်ဘူး၊ ဖတ်တက်သလားဆိုတော့ မဖတ်တော့ဘူး။ ၁၂ နှစ်လောက် သင်ထားတာ အလကားပဲပေါ့။ တကယ်တော့ တခုခုမှားနေလို့ပဲ မှားနေတာဘာလဲဆိုရင် အလွတ်ကျက်တာကို အားပေးပြီး အလွတ်ပဲ ကျက်ခိုင်းတာကိုး။ အဲဒီတော့ အလွတ်ကျက်တာ ရတဲ့သူ အောင်တယ်ပေါ့။ ဒါပေမယ့် စာမေးပွဲပြီးတော့ ပြန်မေ့သွားတာပဲ။ စာမေးပွဲအတွက် ကျက်တာကိုး ဘဝ အတွက်ကျက်တာမှ မဟုတ်ပဲနဲ့" ဟု ဆရာကြီးဦးနေအုပ်က ဆိုသည်။ 

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြောင်းလဲမည့် မေးခွန်းပုံစံကြောင့် ကျောင်းသူ၊ ကျောင်းသားများ စိုးရိမ်မှုမရှိစေရန် ဆရာကြီး ဦးနေအုပ်က ပြောင်းလဲမည့် အင်္ဂလိပ်စာ ဘာသာရပ်လမ်းညွှန်စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

 

အဆိုပါ ရိုက်နှိပ်ထားပြီးသော လမ်းညွှန်စာအုပ်ပေါင်း ငါးသောင်းကို ILBC က မြန်မာနိုင်ငံအတွင်းရှိ အစိုးရကျောင်း ၊ ပုဂ္ဂလိကကျောင်း ၊ ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားနေသည့် ဆရာ၊ ဆရာမများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်