တက္ကသိုလ်ဝင်တန်းတွင် ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသည့် ဝန်ထမ်းသားသမီးများအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဂုဏ်ပြု

နေပြည်တော် ၂ ဇူလိုင် 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသူ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရုံးအမှတ် ၁၅ တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုဆုများပေးအပ်ကြရာ ၆ ဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၃၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၆၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၅၃ ဦးတို့က အသီးသီးဆုလက်ခံရယူကြသည်။

 

၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းသားသမီးများမှ ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသူ ထူးချွန်ကျောင်းသားကျောင်းသူ ၁၇၂ ဦးပေါ်ထွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)