တကယ်ကောင်းကျိုးများတဲ့ ချင်း(ဂျင်း)ထည့်ခြင်း

ချင်း(ဂျင်း)ထည့်တယ်ဆိုတာ ဗန်းစကားမှာတော့ မဟုတ်မမှန်တာကို လိမ်ညာအသုံးချတာမျိုး အဓိပ္ပာယ်သုံးကြပေမယ့် ဒီချင်းကတော့ အစားအသောက်ထဲ ထည့်တဲ့ချင်း ပါနော်။

 

ချင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့အသုံးများကြပြီး အိန္ဒိယမှာ စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ အခုတော့ အိန္ဒိယတင်မက တရုတ်၊မြန်မာ၊ထိုင်း အပါအဝင် အာရှနိုင်ငံတွေရဲ့ ဟင်းလျာတွေမှာ အတော်များများထည့်ချက် စားသုံးလေ့ရှိပါတယ်။

 

သူ့ရဲ့ အစာကြေလွယ်စေတဲ့ အာနိသင်နဲ့ အသားကို နူးအိစေတဲ့အစွမ်းကြောင့် အသားဟင်းတွေ ချက်တဲ့အခါ ချင်း သို့မဟုတ် ချင်းအဆီကိုလည်း သုံးပြီး အသားနှပ်ကြပါတယ်။

 

ချင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးအများစုဟာ ပူရှရှနဲ့အနံ့ပြင်းစေတဲ့ Gingerol ခေါ် ဒြပ်ပေါင်းတစ်မျိုးပါဝင်မှု ကြောင့်ပဲဖြစ်ပါတယ်။

 

ချင်းအဆီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

 

၁။ ဝမ်းတွင်းပြဿနာတွေကို သက်သာစေတယ်

 

ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ဗိုက်အောင့််ခြင်းများအတွက် သုံးတတ်ကြပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ ချင်းလက်ဖက်ရည် ကိုလည်း သည်ရောဂါတွေအတွက်သုံးလေ့ရှိတဲ့အပြင် ချင်းအဆီက အစာစားချင်စိတ် ဖြစ်လာအောင် အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ခံတွင်းပျက်နေ သူတွေအတွက် အကျိုးရှိစေနိုင်ပါတယ်။

 

၂။ အစာအဆိပ်သင့်ခြင်းကို ကုသနိုင်တယ်

 

ချင်းဟာ ပိုးတွေကိုသေစေပြီး လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ကုသရာမှာ အသုံးပြုနိုင်ပြီး အူလမ်းကြောင်းရောဂါတွေ၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်းကို ကုသနိုင်ပါတယ်။

 

၃။ မအီမသာဖြစ်ခြင်းကိုသက်သာစေတယ်

 

ချင်းနဲ့ ချင်းအဆီက မအီမသာဖြစ်ခြင်း၊ ခရီးပန်းမူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေအတွက် ထိရောက်မှုရှိကြောင်း သုတေသနတွေကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်း သက်သာလျောပါးစေဖို့ အတွက်လည်း ချင်းကိုသုံးကြပါတယ်။

 

၄။ ငှက်ဖျားကာကွယ်တယ်

 

ချင်းနဲ့ချင်းအဆီက ကိုယ်ခံအားကိုကောင်းစေလို့ yellow fever နဲ့ ငှက်ဖျားတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

 

၅။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ကုသနိုင်တယ်

 

ချင်းနဲ့ချင်းအဆီတို့ဟာ သလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့် ချောင်းဆိုး၊ ရင်ကျပ်၊ တုပ်ကွေး၊ပန်းနာ၊ လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့လို အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။ ချင်းက လည်ချောင်းနဲ့အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးတဲ့နေရာမှာ ထိရောက်လှတာကြောင့် အိန္ဒိယမှာ ရေနွေးကြမ်းထဲ ထည့်သောက်တတ်ကြပါတယ်။ ပျားရည်နဲ့ချင်း ရောစပ်လိုက်တဲ့ဆေးဖက်ဝင်အာနိသင်က အသက်ရှူလမ်းကြောင်း ရောဂါတွေ ကုသရာမှာ အစွမ်းထက်ပါတယ်။

 

၆။ ရောင်ရမ်းမှုကိုလျော့စေတယ်

 

ချင်းရဲ့အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆစ်ရောင်ရောဂါ၊ လေးဖက်နာဝေဒနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့မှာ ရောင်ရမ်းမှုနဲ့ နာကျင်ကိုက်ခဲမှု သက်သာ စေနိုင်ပါတယ်။

 

ချင်းအဆီ သို့မဟုတ် ချင်းအနှစ်ကို နာကျင်နေတဲ့ကြွက်သားပေါ်မှာ လိမ်းပေးရင် သက်သာ စေနိုင်ပါတယ်။

 

၇။ အမျိုးသမီးများ ရာသီလာစဉ်ပြဿနာများကိုသက်သာစေနိုင်တယ်

 

ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်းတို့ကို ချင်းက သက်သာစေနိုင်ပါတယ်။ ချင်းရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ချင်းထည့်ထားတဲ့ ဟင်းရည်တို့ကို သောက်လို့ရတယ်။

 

၈။ နှလုံးကျန်းမာစေတယ်

 

တရုတ်ပြည်မှာဆိုရင် ချင်းက နှလုံးကျန်းမာရေးကို အားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။ သုတေသနတွေအရ ချင်းဟာ သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ပေး တယ်လို့ဖော်ပြကြပါတယ်။ သည်လိုကာကွယ်ပေးခြင်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်း ဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အတွက် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တွေနည်းသွားစေမှာဖြစ် ပါတယ်။

 

၉။ ပန်းသေခြင်းကို ကုသနိုင်တယ်

 

ချင်းဟာ အမျိုးသားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ချင်းနဲ့ချင်းအဆီတို့က သည်ဘက်မှာ သဘာဝအားတိုးဆေးအာနိသင်ရှိတာကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်းတို့အတွက် အစွမ်းထက်တယ်လို့ဆိုပါတယ်။

 

၁၀။ ကျောက်ကပ်ကျောက်ကို ကြေစေတယ်

 

ချင်းဖျော်ရည်၊ ချင်းရေနွေးကြမ်းက ကျောက်ကပ်ကျောက်ကိုကြေစေနိုင်တယ်လို့လည်း ယူဆကြပါတယ်။

 

၁၁။ ဆံသားကျန်းမာရေး

 

ချင်းဟာ ဆံသားကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ချင်းရည်က ဗောက်ပျောက်စေနိုင်ပါတယ်။

 

၁၂။ ကင်ဆာကာကွယ်နိုင်တယ်

 

American Cancer Society အရ ချင်းက ကင်ဆာကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ ကနဦးသုတေသနတွေက ဖော်ပြခဲ့ပါတယ်။

 

ချင်းအဆီကို သံပရာ၊သံပရို၊ယူကလစ်၊ရို့စ်မေရီ၊လိမ္မော်သီးတို့အပါအဝင် တခြားအဆီတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်