တမူးနှင့် ညောင်ရွှေမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄   နိုဝင်ဘာ 

မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် ညနေပိုင်းတွင် တမူးမြို့နယ်၊ ရန်တိုင်းအောင်ကျေးရွာအနီး၊ တမူး-ကလေးသွားကားလမ်းတွင်  စိုင်းခုံးလှိုင်း မောင်းနှင်လာသည့် HIACE အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ တန်ဖိုးငွေကျပ် ၁၁၇၂၁ ဒသမ ၆ သိန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၆,ဝ၈၀ ၊ မြန်မာငွေကျပ် ၅၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တမူးမြို့၊ ဈေးတန်းရပ်ကွက်၊ အလောင်းဘုရားလမ်းတွင် စိုင်းယီလှိုင်းအား လက်ကိုင်ဖုန်းတစ်လုံးနှင့် ဖမ်းဆီးရမိခဲ့ပြီး တမူးမြို့၊ မြို့မရပ်ကွက်၊ ဘုရားကျောင်းလမ်း၊ အမှတ်(၉၂)ရှိ စိုင်းယီလှိုင်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၅ ပြား၊ မြန်မာငွေကျပ်သိန်း ၂၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်း ဆည်းရမိခဲ့သည်။


အလားတူ နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ်၊ တုံးလည်ကျေးရွာအနီး၊ ညောင်ရွှေ-အင်းတိန် ကားလမ်းတွင် သန်းထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

MDN