တန့်ဆည်မြို့၌ သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

တန့်ဆည် ၁၈ ဒီဇင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် စားသုံးသူများ ဘေးကင်း လုံခြုံစွာ စားသောက် သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ တန့်ဆည်မြို့ အမှတ်(၁)စည်ပင်သာယာဈေး နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော သက်တမ်းလွန် အစားအစာများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

963

 

စစ်ဆေးရာသို့ ရွှေဘိုခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ငွေ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်ခင်ထားရည်နှင့် ဌာနဆိုင်ရာများက ဈေးအတွင်းရှိ စားသုံးရန်မသင့် ကြေညာထားသော စားသောက်ကုန် ပစ္စည်းများ ရောင်းချမှုရှိ/မရှိ ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထို့နောက် ကုန်စုံဆိုင်များမှ သိမ်းဆည်းရမိသော သက်တမ်းလွန်နေသည့် ပစ္စည်း(၁၂)မျိုး၊ အမှတ်-၂ အခြေခံပညာ အထက်တန်း ကျောင်းမုန့် ဈေးတန်းမှ သက်တမ်းလွန်နေသည့် အမှတ်တံဆိပ်မပါ ပစ္စည်း(၃) မျိုးအား သိမ်းဆည်းခဲ့သည်။

 

ဆက်လက်၍ FDA မှ စားသုံးရန်မသင့်အစားအသောက်များနှင့် သက်တမ်းလွန်ကုန်ပစ္စည်း များအား တန့်ဆည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် သိမ်းဆည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)