တန့်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ကျင်းပ

တန့်ဆည်  ၅  နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ရှိ ဌာနဆိုင်ရာများ (၂၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ယနေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများက ပင်မစုပေါင်း ပဒေသာပင်နှင့် ကထိန်သင်္ကန်းကို မြို့တွင်းနှင့် လမ်းမကြီးတစ်လျှောက် လှည့်လည် သယ်ဆောင်ခဲ့ကြပြီး တန့်ဆည်မြို့ရှိ ဝင်္ကပါကျောင်းတိုက်သို့  ကထိန်ခင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

၂

 

အဆိုပါ ကျောင်းတိုက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ သံဃာတော်များထံမှ ကထိန်အလှူရေစက်ချ တရားနာယူခြင်း၊ ကထိန်သင်္ကန်းနှင့် ဆွမ်းအစရှိသည့် လှူဖွယ်ဝတ္ထုများကို ပင့်သံဃာ(၁၄)ပါးတို့အား စုပေါင်းဆက်ကပ် လှူဒါန်းခဲ့ ကြသည်။ စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ်အစဉ်အလာမပြတ် ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ် (၂၁) ကြိမ်မြောက် မဟာဘုံကထိန်တွင် ပဒေသာပင်နှင့် ကထိန်သင်္ကန်းလှူဖွယ်ဝတ္ထုများ စုစုပေါင်း ကျပ်(၇၃)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)