တင့်တယ်လှပသည့် ပြည်ထောင်စုသဏ္ဌာန်

၂၉ ဇန်နဝါရီ

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စု များသည် ရှေးဦးကာလက ညီရင်းအစ်ကိုမောင်ရင်းနှမ ဆွေမျိုးတော်စပ်ခဲ့ကြသည့် သွေးရင်းသားရင်းများ ဖြစ်ကြသည်ဟု အဆိုရှိပါသည်။ မြန်မာနိုင်ငံတည်း ဟူသော ပြည်ထောင်စုကြီး ဖြစ်တည်လာမှုနှင့် တိုင်းရင်းသားမျိုးနွယ်များ၊ လူမျိုးစုများ ပြည်ထောင်စုအတွင်း ဆင်းသက်ပေါက်ဖွားလာကြသည်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြည့်မည်ဆိုပါက ဆွေမျိုးတော်စပ်ခဲ့ပုံကို ရှုမြင် နိုင်မည်ဖြစ်သည်။

ပထဝီအနေအထား

ကမ္ဘာ့လူသားများ သမိုင်းတွင် လူတို့သည် ရေကြည်ရာ မြက်နုရာ ဒေသများသို့ ရှေးဦးကာလများကတည်းက ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြသည်ကို တွေ့ရသည်။ လူသားတို့သည် သဘာဝအားဖြင့် ရေမြေကောင်းသည့် နေရာ၊ ဥတုသပ္ပာယ မျှတသည့်နေရာ၊ သစ်ပင်သီးနှံများ ဖြစ်ထွန်းသည့်နေရာများကို ရေကြည်ရာမြက်နုရာ နေရာဟု ဆိုကြသည်။ ထိုနေရာများသို့ ရှေးဦးကာလက လူသားများ တရွေ့ရွေ့ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြသည်။ ထိုသို့အခြေချနေထိုင်ကြရာတွင် မြန်မာနိုင်ငံဟု ခေါ်ဆိုမည့် ရေကြည်ရာမြက်နုရာ ဤဒေသလည်း ပါဝင်သည်။ မြန်မာနိုင်ငံဖြစ်တည်ရာဒေသသို့ ရှေးအတီတေ ကာလများက မြန်မာတိုင်းရင်းသားများ ဖြစ်လာကြမည့် လူမျိုးစုများပြောင်းရွှေ့အခြေချ နေထိုင်ခဲ့စဉ်အချိန် ကာလမှ ယနေ့ထိတိုင်ပင် နိုင်ငံ၏ပထဝီဝင်အနေအထားမှာ ဤသို့ ဤပုံတည်ရှိခဲ့သည်။

သိမှတ်ဖွယ်ရာ

နိုင်ငံဖြစ်တည်မှု အနေအထားအရ မြန်မာနိုင်ငံသည် တောင်ဘက်စွန်းဘုရင့်နောင်အငူမှ မြောက်ဘက်စွန်း ခါကာဘိုရာဇီတောင်အထိမြောက်လတ္တီကျု ၉˚ ၃ဝ' နှင့် ၂၈˚ ၃၁' အကြား၊ အနောက်ဘက်အကျဆုံး မောင်တောမြို့အနီးမှ ကျိုင်းတုံအရှေ့ဘက်စွန်း မဲခေါင် မြစ်အနီးအထိ အရှေ့လောင်ဂျီကျု ၉၂˚ ၁ဝ' နှင့် ၁ဝ၁˚ ၁၁' အကြားတွင် တည်ရှိသည်။ မြောက်ယဉ်စွန်းတန်း သည် မဘိန်း၊ ကွတ်ခိုင်၊ တကောင်းနှင့် တီးတိန်မြို့များ အနီးမှ ဖြတ်သန်းသွားသည်။ မ္တလေးနှင့် ရန်ကုန်မြို့ အနီးမှ ဖြတ်သန်းသွားသည့် အရှေ့လောင်ဂျီကျု ၉၆˚ မျဉ်းကြောင်းမှာ သိမှတ်ဖွယ်အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလောင်ဂျီကျုပေါ်၌ နေတည့်မတ်ချိန်ကို မြန်မာမွန်းတည့်စံတော်ချိန်အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။

ချောင်ချောင်ချိချိရှိ

မြန်မာနိုင်ငံ၏ တည်နေရာအကျယ်အဝန်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၊ အရှေ့တောင်အာရှ၏ အနောက်ဘက်ဆုံးအပိုင်းတွင် တည်ရှိသည်။ အရှေ့တောင် အာရှတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၂၆၁၂၂၈ စတုရန်းမိုင် (ဧက ၁၆၇ သန်းကျော်)ကျယ်ဝန်းသည်။ ဂျပန်နိုင်ငံထက် ပိုမိုကျယ်ဝန်းပြီး ဗြိတိန် နိုင်ငံထက် နှစ်ဆကျယ်ဝန်းသည်။ နိုင်ငံအကျယ်အဝန်းသည် မြန်မာနိုင်ငံ၏လူဦးရေအတွက် နှစ်ပေါင်းများစွာ လုံလုံလောက်လောက် ချောင်ချောင်ချိချိ ရှိသည်။ မြန်မာ နိုင်ငံ မြောက်ဘက်စွန်းမှ တောင်ဘက်စွန်းအထိ ၁၂၇၅ မိုင် ရှည်လျား၍ အရှေ့ဘက်မှ အနောက်ဘက်စွန်းအထိ အကျယ်ပြန့်ဆုံးသောနေရာသည် ၅၈၂ မိုင်ရှည်လျားသည်။ ကမ်းရိုးတန်းသည် အနောက်ဘက် နတ်မြစ်ဝမှ ဘုရင့်နောင်အငူအထိ ၁၃၈၅ မိုင် ရှည်လျားသည်။

မြန်မာနိုင်ငံသည် အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်နှင့် အရှေ့ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဟူသည့် နိုင်ငံငါးနိုင်ငံနှင့် ထိစပ်လျက် ရှိသည်။ ယင်းအိမ်နီးချင်း ငါးနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်သည် မိုင်ပေါင်း ၃၈ဝဝ ခန့် ရှိသည်။ မြန်မာနိုင်ငံ၏တောင်ဘက်တွင် ဘင်္ဂလားပင်လယ် အော်နှင့် မုတ္တမပင်လယ်ကွေ့တို့ ထိစပ်တည်ရှိနေသည်။

မြတ်နိုးဖွယ်ရာသဏ္ဍာန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပြည်နယ် ခုနစ်ခု၊ တိုင်းဒေသကြီး ခုနစ်ခုဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်များကို လက်ဝဲရစ်ကြည့်လျှင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ မြင်းခွာပုံစံ ဝိုင်းပတ်ထားသည်။ အတွင်းအထက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့ရှိသည်။ အတွင်းအောက်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် အောက်ဘက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ရှိသည်။ ကမ္ဘာ့မြေပုံပေါ်တွင် ခေါင်း၊ ခါး၊ ခြေ၊ လက် အင်္ဂါ စုံလင်ပြီးလှပသည့် လူသားပုံစံ အမိပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြတ်နိုးဖွယ်ရာ အဆင်းသဏ္ဍာန်ရှိသည်။

ဥပဓိရုပ်ကောင်း

မြန်မာနိုင်ငံ ပထဝီအနေအထားသည် လူနှင့် အဆင်း သဏ္ဌာန်တူသလို လူသားတစ်ဦးအသွင် ရှင်သန် ရပ်တည်နိုင်သည့် အင်္ဂါအစိတ်အပိုင်းများနှင့်အလားတူသော သဘာဝအမွေကို ရရှိထားသည်။ နိုင်ငံကို တောင်တန်းကြီးများ၊ ကုန်းမြင့်ကြီးများ ဝိုင်းပတ်ထားသည်မှာ လက်ရုံးသဖွယ်ဖြစ်သည်။ ပဲခူးရိုးမတောင်တန်းကြီးမှာ အလယ်ကျောရိုးသဖွယ်ဖြစ်သည်။ ပင်မသွေးကြော မကြီးသဖွယ်ဖြစ်သည့် ဧရာဝတီမြစ်ကြီးမှာ တသွင်သွင် စီးဆင်းနေသည်။ အခြားသွေးကြောများသဖွယ်ဖြစ်သည့် ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများနှင့် အခြား မြစ်ကြီးများ ဖြာထွက်စီးဆင်းနေသည်။ ဦးခေါင်းနှင့် သဏ္ဌာန်တူသော မြန်မာပြည်မြောက်ဖျားတွင် ပေပေါင်း ၁၉ဝဝဝ ကျော်မြင့်သည့် ဆီးနှင်းများနှင့် ရေခဲများ ဖုံးအုပ်နေသော ခါကာဘိုရာဇီနှင့် ဂန်လန်ရာဇီ စသည့်တောင်ကြီး များမှာ နိုင်ငံ၏ ဥပဓိရုပ်ကောင်းနေသည်ကို ပေါ်လွင်စေသည်။

သဘာဝလက်ဆောင်များ

ရေခဲဆီးနှင်းများဖုံးအုပ်နေသော တောင်တန်းများ၊ လျှိုမြောင်များမှ ရစ်ခွေစီးဆင်းလာသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် အလွန်တရာဆန်းကြယ်ပြီး အလွန်တရာမှ သာယာလှပနေသည်။ ရင်အုံသဖွယ် မို့မောက်နေသည့် ပေ ၃ဝဝဝ မှ ၅ဝဝဝ အတွင်းရှိသော ရှမ်းကုန်းမြေမြင့်ကြီးမှာ ကြီးမားကျယ်ပြန့်ပြီး စိမ်းစိုလှပ သွယ်တန်းနေသည်။ ထိုကုန်းပြင်မြင့်ပေါ်တွင် အပြောကျယ်သည့် တောင်ပေါ်ပင်လယ်ဟု ခေါ်ဆိုရမည့် အင်းလေး ကန်ကြီးသည် လှေကိုလက်ဖြင့် မလှော် ခြေဖြင့်လှော်သည့် အင်းသူ အင်းသားများ နေထိုင်ရာဒေသ ဖြစ်သည်။ ဟိမဝန္တာတောင်စွယ်မှ ဆင်းသက်လာသော အနောက်ဘက် တောင်တန်းများဖြစ်သည့် ပတ်ကွိုင်တောင်၊ နာဂတောင်၊ ချင်းတောင်နှင့် ရခိုင်ရိုးမတောင်တို့သည် တောင့်တင်း ခိုင်မာသည့် ပခုံး၊ လက်ရုံးသဖွယ် ဖြစ်သည်။ ပြည့်ဝမ်း သဖွယ်ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့သည် အချက်အချာကျသည့် ဒေသများဖြစ်သည်။ ဧရာဝတီ မြစ်ကြီးသည် စတင်ဖြစ်တည်ကတည်းက တစ်နှစ်လျှင် ပေ ၂ဝဝ၊ နှစ်တစ်ရာလျှင် သုံးမိုင်နှုန်းဖြင့် နုန်းမြေများပို့ချ ပေးလျက်ရှိရာ ဆန်ရေစပါး ပေါများကြွယ်ဝသည့် မြစ်ဝ ကျွန်းပေါ်ဖြစ်ပေါ်လာသည်။

ပေါများကြွယ်ဝမျှတ

မြန်မာပြည်တစ်ဝန်းတွင် အသွယ်သွယ်သော မြစ်ချောင်းတို့ကို ပိတ်ဆို့ကာဆီးလျက် ရေလှောင်တမံများ ရာနှင့်ချီ၍ တည်ဆောက်ပေးထားနိုင်ပြီး စိုက်ပျိုး ရေနှင့် လျှပ်စစ်ဓာတ်အားများ ထုတ်လွှတ်ပေးလျက် ရှိသည်။ တောအထပ်ထပ်၊ တောင်အသွယ်သွယ်တွင် သစ်တောကြီးများ ပေါက်ရောက်လျက်ရှိသည်။ အမြဲစိမ်း သစ်တော၊ အပူပိုင်းရွက်ပြတ်တော၊ ခြောက်သွေ့တော၊ တောင်ပေါ် သစ်တော၊ ဒီရေတောများ ယနေ့ထက်တိုင် ရှင်သန် ပေါက်ရောက်လျက်ရှိသည်။ နေရာဒေသအလိုက် ဆန်စပါးနှင့် အခြားသီးနှံများစိုက်ပျိုးရန် ကောင်းမွန်သော မြေဆီလွှာရှိသည်။ တောင်ဘက်ပိုင်းမှ အလွန်ရှည်လျား ကျယ်ဝန်းသည့် ပင်လယ်ပြင်ကြီးတွင် ရေသယံဇာတများ အမြောက်အမြားရှိပြီး မုတ်သုံရာသီကို ဖန်တီးပေးသည်။ ဥတုသုံးလီတွင် ဆောင်းရာသီ၌ မြောက်ဘက်မှ အေး၍ ခြောက်သွေ့သော ကုန်းတွင်းလေစိုင်များ တိုက်ခတ်ပြီး နွေရာသီတွင် နွေး၍ခြောက်သွေ့သော လေစိုင်များ၊ မိုးရာသီတွင် စွတ်စိုသော မုတ်သုံလေများ တိုက်ခတ်သည်။

မြန်မာ့ရေမြေတွင် အဖိုးတန် သဘာဝသယံဇာတများနှင့် တန်ဖိုးကြီး တွင်းထွက်ကျောက်မျက်ရတနာများ အမြောက်အမြားထွက်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းရတနာသည် က္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်သည်။ သဘာဝဓာတ်ငွေ့များ အမြောက်အမြား ထွက်ရှိသည်။ မြန်မာနိုင်ငံသည် လူဦးရေနှင့် လိုက်လျော ညီစွာ ချောင်ချောင်လည်လည် နေလောက်အောင် ကျယ်ဝန်းသောကြောင့် အနာဂတ်တိုးတက်လာမည့် လူဦးရေပြဿနာနှင့် စားဝတ်နေရေးပြဿနာအတွက် ပူပန်စရာမရှိချေ။ ထွန်ယက်စိုက်ပျိုးရန် ကောင်းမွန်သော မြေနေရာများ၊ သစ်တောနှင့် မြေလွတ်မြေလပ်များ ပေါများကြွယ်ဝသဖြင့် လူသားအရင်းအမြစ်၊ အရင်း အနှီး၊ နည်းပညာများ ပေါင်းစပ်လိုက်ပါက နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

တည်တံ့ခိုင်မြဲရေး

ဤသို့သောမြန်မာနိုင်ငံ၏ နယ်နိမိတ်အပိုင်းအခြားနှင့် ကောင်းမွန်သော ပထဝီဝင်အနေအထားများသည် နိုင်ငံ၏အချုပ်အခြာအာဏာ ပြန့်ပွားတည်ရှိရာအပိုင်းအခြားကို ဖော်ညွှန်းပြဆိုနေခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဤကမ္ဘာမြေပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်တည်နေနိုင်ရန် နိုင်ငံပိုင်နက်နယ်နိမိတ် အခိုင်အမာ တည်ရှိနေရန် လိုအပ်သည်။ နှစ်သက်ဖွယ်၊ ကောင်းမွန် ဖွယ်ဖြစ်သော ပထဝီဝင်အနေအထားများ ထာဝရရှင်သန် ဖြစ်ထွန်းနေစေရန် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပြီး အသက်ဝင်နေရန် လိုအပ်သည်။ နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေမှသာ နိုင်ငံ၏နယ်နိမိတ်၊ နိုင်ငံ၏နယ်မြေပိုင်ဆိုင်မှုနှင့် ပထဝီအနေ အထားများ အဓွန့်ရှည်တည်မြဲနေမည်ဖြစ်သည်။ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုမရှိလျှင် နိုင်ငံ၏နယ်နိမိတ်အပိုင်းအခြားနှင့် ပထဝီအနေအထားများ ပျက်ယွင်းသွားနိုင်ဖွယ်ရာရှိသည်။

တစ်စိတ်တစ်ဝမ်းတည်း

အစဉ်ထာဝရ တည်တံ့ခိုင်မြဲခဲ့သော နိုင်ငံ၏အချုပ်အခြာအာဏာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ တည်ရှိလိုပါက နိုင်ငံ၏ မြတ်နိုးဖွယ်ရာပထဝီအနေအထားများ ပျက်ယွင်းမှုမဖြစ်စေလိုပါက ပြည်ထောင်စု နိုင်ငံတော်သည် တည်ငြိမ်အေးချမ်းပြီး အင်အား တောင့်တင်းခိုင်မာ၍ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်တည်နေဖို့ လိုအပ်ပါသည်။ နှစ်ပေါင်းထောင်ချီတည်တံ့ခိုင်မြဲခဲ့သည့် နေချင်စဖွယ် ကောင်းမွန်သော ပြည်ထောင်စုကြီး၏ တင့်တယ်လှပသော လူသားသဏ္ဌာန် အင်္ဂါအစိတ်အပိုင်းများ ကျိုးပဲ့ ပျက်စီးမသွားစေရေး ညီညွတ်မှုဖြင့် ထိန်းသိမ်းစောင့် ရှောက်ကြရမည်ဖြစ်ပါသည်။ ။

မောင်ငြိမ်းအေး