တနိုင်းမြို့နယ်ရှိ အင်း(၉)အင်းအား ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၂၀၀၀၀ ကျော် မျိုးစိုက်ထည့်

တနိုင်း ၄ ဇူလိုင် 

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်ရှိ အင်း(၉)အင်းအတွက် ငါးသားပေါက်များ စိုက်ထည့်ရန် အင်းပိုင်ရှင်များအား ငါးသားပေါက်များကို ယနေ့ ညနေ ၂ နာရီက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငါးမြစ်ချင်းငါးသောက်ပေါက် ကောင်ရေ ၁၂၀၀၀၀ ကျော်ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်ငါးသောက်ပေါက်စခန်းမှ မှာယူပြီး တနိုင်းမြို့နယ်တွင် အင်းလေလံဆွဲသည့် အင်းဂရန်ရရှိသည့် ပိုင်ရှင်များမှ အင်တန်ကြေးရဲ့ ၃၀ ရာခိုင်နှုန်းအပေါ်မှာ ငါးသားပေါက်များ စိုက်ပျိုးထည့်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါလေလံအောင်သည့် အင်း(၉)အင်းဖြစ်သည့် စမတ်အင်း၊ ဟင်းခေါ်အင်း၊ စစ်ကိုင်းဥပုဒ်အင်း၊ ကန်ဒေါင်ဆည်အင်း၊ ဒွမ်ဖားအင်း၊ တန်းလတ်အင်း၊ ကျောက်တွင်းအင်း၊ ပန်းချီအင်း၊ မော်နင်ဇွပ်အင်းပိုင်ရှင်များကို ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၁၂၀၀၀၀ ကျော်ကို စိုက်ပျိုးထည့်ရန် တနိုင်းမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဝေမိုးထွန်းက လွှဲပြောင်းပေးပြီး ဂရန်အင်းပိုင်ရှင်များက မိမိတို့အင်းများ သွားရောက်စိုက်ပျိုးထည့်ခဲ့ကြကြောင်း သိရသည်။

 

ဝါဝါ(ပြန်/ဆက်)