တနင်္သာရီမြို့ ကျက်သရေဆောင် မြဝတ်ဆင်စေတီတော်မြတ်ကြီး၏ (၁၅) ကြိမ်မြောက်၊ အဘိဓမ္မာဒေသနာရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

တနင်္သာရီ ၁၂ အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ကျက်သရေဆောင် သမိုင်းဝင် မြဝတ်ဆင်စေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် အဘိဓမ္မာဒေသနာတော်များ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို သီတင်းကျွတ်လဆန်း(၁၄)ရက် ယနေ့ နံနက် ၈ နာရီက မြဝတ်ဆင်စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံအတွင်း ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဇောတိကနှင့် သံဃာတော်အရှင်သူမြတ်(၈)ပါး ကြွရောက်ချီးမြှင့်ပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်စိုးနှင့် ဌာနဆိုင်ရာများမှ ဦးစီးမှူးများ၊ ဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

 

ေ

 

မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌက လူပရိတ်သတ်အပေါင်းတို့အား ငါးပါးသီလချီးမြှင့်ပေးပြီး ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း မေတ္တာသုတ်တရားတော် ရွတ်ပွါးပူဇော်ပေးသည်။ ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမှ အဘိဓမ္မာတရားတော် ဖြစ်ပေါ်လာပုံနှင့် ပျံ့ပွါးလာပုံတရားတော်ကို ချီးမြှင့်ပေးတော်မူသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များက  ဆရာတော်/သံဃာတော်များအား လှူဘွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြပြီး ဖွင့်ပွဲအခမ်းအနားပြီးမြောက်ခဲ့သည်။

ယင်းနောက် ကြီးမြတ်သာရီယုဝတီ ဝတ်ရွတ်အဖွဲ့မှဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီးတို့မှ ဝတ်ရွတ်အဖွဲ့(၁၇)ဖွဲ့တို့က  အဘိဓမ္မာဒေသနာတော်များကို သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အထိ အဖွဲ့လိုက်အလှည့်ကျ ရွတ်ဖတ်ပူဇော်ပေးကြသည်။ 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)