တနင်္သာရီမြို့နယ်၊ အမှတ်(၉)ဒေသတွင် ရှားပါးကြံ့သူတော်(အမ)တစ်ကောင် ဖမ်းမိ ရရှိထား

တနင်္သာရီ  ၁  ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်၊ မောတောင်မြို့ အမှတ်(၉)ကျေးရွာအုပ်စု၊ အမှတ်(၉)ကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင် ခန့်အကွာရှိ ဒေသအခေါ် (ရုပ်သေချောင်း)ရှိ ဦးအောင်မိုးစိုး(ခ) ဦးအောင်အောင်၏ တောင်ယာဥယျာဉ်ခြံ၌ နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ရှားပါးတိရစ္ဆာန်တစ်မျိုးဖြစ်သော ကြံ့သူတော်(အမ) တစ်ကောင်ကို ဖမ်းမိရရှိထားကြောင်း သိရသည်။

 

သတင်းအရ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီအချိန်က တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သီဟဇော်နှင့် သစ်တောဝန်ထမ်း(၅)ဦး၊ မောတောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် ရှိန်လင်းဦးတို့အဖွဲ့က သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။       

               

ယင်းသို့စစ်ဆေးကြည့်ရှုရာတွင် ၎င်းကြံ့သူတော်သည် အလျား(၆)ပေ(၆)လက်မ၊ လုံးပတ်(၆)ပေ၊ အမြင့်(၃)ပေ(၇)လက်မ၊ အမြီးက(၅)လက်မအရွယ်ရှိ ကြံ့သူတော်(အမ)တစ်ကောင်ဖြစ်သည်။ ညွှတ်ကိုင်းမိပြီး ညာဘက်လက်တွင် ထိခိုက်ဒဏ်ရာ ရရှိထား၍ လမ်းမလျှောက်နိုင်ဖြစ်နေသဖြင့် ဆေးဝါးကုသမှု ပြုစုဆောင်ရွက်ပေးထားကြောင်း ၊ ထို့အပြင် အဆိုပါ ကြံ့သူတော်(မ)အား မြို့နယ်သစ်တော ဦးစီးဌာနမှ ဒီဇင်ဘာ ၁ ရက် နေ့တွင် တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနရုံးသို့ သယ်ဆောင်သွားမည်ဖြစ်ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဖြင့်  ဆက်လက် ကုသပေးမည်ဖြစ်ကာ ပြန်လည်သက်သာကောင်းမွန်လာပါက သက်ဆိုင်ရာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)