တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော့သောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စေတနာဝန်ထမ်းအဖွဲ့သို့ ထောက်ပံ့ငွေများပေးအပ် 

ကော့သောင်း စက်တင်ဘာ ၆

တနင်္သာရီတို င်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကုသရေးနှင့် အရေးပေါ်လုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့သို့ စက်တင်ဘာ ၆ရက်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ပွားသည့် နေရာမရွေးပိုးသတ်ဆေးဖြန်းခြင်း၊ ပိုးတွေ့လူနာများအား ဝေးလံခေါင်ဖျားသည့်အရပ်မှကျန်းမာရေးဌာနသို့ ရောဂါထိန်းချုပ်နိုင်ရေး အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးခြင်း၊ ပြန်လည်ကျန်းမာလာသူများအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ရောဂါကြောင့် သေဆုံးသူများအား ပို့ဆောင် ကူညီသင်္ဂြိုလ်ပေးခြင်းစသည့်လုပ်ငန်းများတွင် ရောဂါကူးစက်မှုမြှင့်တက်နေသည့်ကြားမှ တက်ကြွစွာ ကူညီဆောင်ရွက် ပေးလျက်ရှိသည့် ကော့သောင်းမြို့၊ ရွှေအဏ္ဏဝါ ပရဟိတ စေတနာ့ဝန်ထမ်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေကျပ် ၉၆၀၀၀၀ နှင့်  ရောဂါထိန်းချုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ် စက်သုံးဆီအတွက် ၁၆၂၀၀၀၀ ကျပ် အား ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချို က ဘော်လံတီယာအဖွဲ့ခေါင်းဆောင် ဦးဇော်မင်းဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါဘော်လံတီယာအဖွဲ့မှ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ငွေကျပ် ၅ သိန်းအား ပြန်လည်ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ပရဟိတဘော်လံတီယာအဖွဲ့အနေဖြင့် မြို့နယ်အတွင်းကျန်းမာရေးကိစ္စများ၊ အရေးပေါ် ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)