တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်

နေပြည်တော် ၂၈ နိုဝင်ဘာ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်သည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်  ၃၀ မှ  ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ၆ ပေမှ  ၉ ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ၃ ပေမှ  ၅  ပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်။

 

နေပြည်တော်၊ ရန်ကုန်မြို့ နှင့်  မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။

 

#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန