တနင်္သာရီတွင် ရိုးရာငွေနန်းသာရီနဂါးလှေတော် ရေချမင်္ဂလာကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေ

တနင်္သာရီ ၈အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် ရိုးရာနဂါးလှေသဘင်ပွဲတော်ကို တနင်္သာရီမြို့နယ်တွင် သီတင်းကျွတ်လပြည့်ကျော် (၄)ရက်နေ့တွင် နဂါးလှေတော်(၆)စင်းဖြင့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလျက်ရှိသည်။

 

ယခုနှစ်(၂၀၁၉) သီတင်းကျွတ်လပြည့်ကျော် (၄)ရက် (၁၇-၁၀-၂၀၁၉)နေ့တွင် ယခင်နှစ်များနည်းတူ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းနဂါးလှေသဘင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကြိုတင်လေ့ကျင့်လှော်ခတ်မှုများ ပြုလုပ်နိုင်ရန်အတွက် နဂါးလှေတော် ရေချမင်္ဂလာပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း နဂါးလှေတော်မင်္ဂလာ ဦးပေါက်တစ်ဦးထံမှ သိရှိရသည်။

 

တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်တွင် ရွှေနန်းသာရီနှင့် ငွေနန်းသာရီအမည်ရှိ နဂါးလှေနှစ်စီးရှိရာ ချောင်းကြီးကျောင်းတိုက် ပဓာနသက်တော်ရှည် ဆရာတော်ဘဒ္ဒန္တပညာဒီပ၏ ဪဝါဒကို ခံယူလျက် ချောင်းကြီးရပ်ကွက် မြို့အဝင်ကမ်းနားရှိ ငွေနန်းသာရီနဂါးလှေတော်ကို အောက်တိုဘာ ၁၂ ရက် နံနက် ၇ နာရီတွင် မြစ်ရေပြင်ထဲ့သို့ ရေချမင်္ဂလာကျင်းပမည်ဖြစ်ပြီး ငွေနန်းသာရီ နဂါးလှေရုံအတွင်း လှေရုံနှင့် လျော့လမ်းနှစ်ခုတို့၏ ကြံ့ခိုင်မှုအားစစ်ဆေးပြုပြင်ခြင်း၊ လှေ၏ကိုယ်ထည်၊ ဦးခေါင်းပိုင်းနှင့် အမြီးပိုင်းတို့အား ရောင်စုံဆေးများ ပြန်လည်မွမ်းမံခြင်း၊ လှေသဘင်ပွဲမတိုင်မီ လေ့ကျင့်လှော်ခတ်စဉ် လှေတော်သားများဆောင်းမည့် နေပူခံဖက် ဦးထုပ်များအား ဆေးရောင်ခြယ်ခြင်း စသည်ဖြင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ငွေနန်းသာရီနဂါးလှေတော်သည် စကားစံပယ်သစ်သား တစ်ဖြောင့်တည်း (၆၄)ပေရှိပြီး ဆက်ရာလုံးဝမပါရှိဘဲ လှေ၏ဦးခေါင်းပိုင်းမှ အမြီးပိုင်းအထိ အရှည်ပေ(၈၃)ပေရှည်သည်။ ပါဝင်လှော်ခတ် လေ့ကျင့်ကြမည့် လူအင်အားမှာ မင်္ဂလာဦးပေါက်(လှေတော်ဦးစီး) တစ်ဦး။ မင်္ဂလာလည်ရွှဲ့ (လှေဦးစီးအနောက်ထိုင်) (၂)ဦး၊  လည်ရွှဲ့အကူနှစ်ဦး၊  လှေတီးဝိုင်း (နှဲ၊ ဗုံတီး၊ ကြေးတီး၊ မောင်းတီး) (၄)ဦး၊ ပဲ့မာန်စွယ်အကူ(၂)ဦး၊ လျှာတက်ကိုင်အကူ(ပဲ့နင်းငယ်) (၂)ဦး၊ လျှာတက်ကိုင်(ပဲ့နင်းကြီး)တစ်ဦး လှေတော်သား (၂၈)ဦး စသဖြင့် ဖွဲ့စည်းပုံအတိုင်း စုစုပေါင်း(၄၂)ဦးတို့က လှေသဘင်ပွဲတော်မတိုင်မီရက်အထိ လှော်ခတ် လေ့ကျင့်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)