တည်ငြိမ်လျှပ်စစ်ဆိုတာ သိကြသလား

၂၉  စက်တင်ဘာ

မကြာခင်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရောက်တော့မယ်ကလေးတို့ရေ။ ကလေးတို့ရော မီးထွန်းပွဲအတွက် ဘယ်လိုတွေ ပြင်ဆင်ထားသလဲ။ မမတို့ငယ်ငယ်က သီတင်းကျွတ်ဆိုရင် ဆီမီးခွက်လေးတွေထဲမှာ ဆီထည့်ပြီး မီးစာမီးညှိလို့ထွန်းတာပေါ့။ နောက်ပိုင်းတော့ ဖယောင်းတိုင်လေးတွေ ထွန်းကြတယ်။ အခုတော့ လျှပ်စစ်မီးကလည်း မြို့၊ ရွာ အတော်များများရနေပြီဆိုတော့ ရောင်စုံလျှပ်စစ် မီးလုံးလေးတွေကို ထွန်းကြတာပေါ့။ ကလေးတို့အိမ်ရှေ့တွေမှာ မြင်ကြရတဲ့ ရောင်စုံလျှပ်စစ်မီး လှလှလေးတွေဟာ သိပ်ကိုချစ်စရာ ကောင်းတယ်နော်။

မမက ဒီတစ်ပတ်မှာ ကလေးတို့ကို လျှပ်စစ်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးအကြောင်းကို ပြောပြချင်ပါတယ်။ ကလေးတို့ရဲ့အိမ်မှာ မီးထွန်းတယ်၊ ထမင်းတွေ၊ ဟင်းတွေချက်ပြုတ်ကြတယ်၊ အဝတ်တွေလျှော်ကြတယ်။ အတော်များများမှာ လျှပ်စစ်ဓာတ်အားကို အသုံးပြုကြပါတယ်။ အဲဒီလို နေ့စဉ်အသုံးပြုနေတဲ့၊ သုံးနေကြရတဲ့ လျှပ်စစ်တွေကိုတော့ လှုပ်ရှားနေတဲ့လျှပ်စစ် (Dynamic Electricity) လို့ခေါ်ပါတယ် ကလေးတို့ရေ။ အဲဒီလျှပ်စစ်အမျိုးအစားအပြင် လူတွေကို အန္တရာယ်ပေးတတ်တဲ့ လျှပ်စစ်အမျိုးအစားလည်းရှိတယ် ကလေးတို့ရေ။ အဲဒါကိုတော့ တည်ငြိမ်လျှပ်စစ် (Static Electricity) လို့ ခေါ်ပါတယ်။

2b

ကလေးတို့ နားလည်အောင်ပြောရရင် လျှပ်စစ်စွမ်းအင်ဆိုတာကို ပွတ်တိုက်မှုတွေ၊ သံလိုက်ဓာတ်နဲ့ အခြားစွမ်းအင်တစ်မျိုးမျိုးကနေ အသွင်ပြောင်းရာကနေ ရရှိပါတယ်။ လျှပ်စစ်နဲ့ပတ်သက်တာတွေကို ဟိုးရှေးရှေးတုန်းကတည်းက လူတွေသတိထားမိကြ ပါတယ်တဲ့ကွယ်။ နိုင်းမြစ်ထဲမှာရှိတဲ့ လျှပ်စစ်စွမ်းအင်ထွက်တဲ့ ငါးကို ခရစ်တော်မပေါ်မီ ဘီစီ ၂၇၅၀ လောက်ကတည်းက အီဂျစ်မှာ သိခဲ့ကြသလို ဖန်ချောင်းနဲ့ သိုးမွှေးစ ပွတ်တိုက်ရင်ဖြစ်ဖြစ်၊ ပယင်းကျောက်နဲ့ သိုးမွှေးစနဲ့ ပွတ်တိုက်ရင်ဖြစ်ဖြစ် တည်ငြိမ်လျှပ်စစ် ထွက်လာတယ်ဆိုတာကို သိခဲ့ကြတာပေါ့။ ၁၇ ရာစုနဲ့ ၁၈ ရာစုတွေမှာတော့ လျှပ်စစ်သဘောတရားတွေကို ပိုပြီးသိလာကြပါတယ်။ ၁၉ ရာစုရောက်တဲ့အခါမှာတော့ လျှပ်စစ်ကို တော်တော်လေး အသုံးချခဲ့ကြပါတယ်။

ခု မမက ကလေးတို့ကို သူ့ဟာသူနေပေမယ့် လူကိုအန္တရာယ်ပေးနိုင်တဲ့ တည်ငြိမ်လျှပ်စစ်အကြောင်းကို ပြောပြလိုပါတယ်။ မိုးကြိုးပစ်တာကို ကလေးတို့ မြင်ဖူးကြလား။ အဲဒါက တည်ငြိမ်လျှပ်စစ်ရဲ့ သဘောတရားပါပဲ။ မိုးကြိုးပစ်တာဟာ လေထဲမှာရှိတဲ့ တည်ငြိမ်လျှပ်စစ် အစုအဝေးကြီး ကြီးထွားလာရာက ဗို့အား သန်း ၃၀ ကနေ သန်း ၁၀ဝ လောက်ဖြစ်လာပြီး ပေါက်ကွဲတတ်တဲ့ သဘောတရားပေါ့ကွယ်။ တည်ငြိမ်လျှပ်စစ်ရှိတယ်ဆိုတာကို မမတို့တွေဟာ ပွတ်တိုက်မှုတွေ ရှိလာမှသာ သိနိုင်ကြပါတယ်။ နွေရာသီ ရာသီဥတုပူပြင်းချိန်မှာ တည်ငြိမ်လျှပ်စစ်တွေ တစ်နေရာမှာ စုပြုံနေချိန် လောင်စာဆီတွေ ပြောင်းထည့်တယ်၊ ဆီတွေလောင်းချနေစဉ်မှာပဲ ဆီပုံးထဲကဆီတွေ အဆက်မပြတ်ကျဆင်းရင်းနဲ့ တည်ငြိမ်လျှပ်စစ်ဓာတ်တွေ ထွက်လာပြီး ဝုန်းခနဲပေါက်ကွဲကုန်ကြတယ်။ ရန်ကုန်မှာ ဘတ်စ်ကားကြီးတွေ မောင်းနှင်နေရင်း ပွတ်တိုက်မှုများပြီး ဆီနဲ့တည်ငြိမ်လျှပ်စစ်နဲ့ ထိပ်တိုက်မတွေ့ကြရအောင် ကားကြမ်းပြင်တွေကနေ မြေကြီးကိုထိပြီး တည်ငြိမ်လျှပ်စစ်အစုအဝေးတွေကို ထုတ်ပေးဖို့အတွက် သံကြိုးလေးတွေချထားတာရှိတယ်။ လောင်စာဆီတင် ကားကြီးတွေမှာဆိုရင်လည်း ကားကနေ မြေကြီးကို သံကြိုးတစ်ချောင်းချထားတာမျိုး ရှိတယ်။ သဘောကတော့ တည်ငြိမ်လျှပ်စစ်တွေ စုပုံမလာအောင် လျှော့ချပစ်တာပေါ့ကွယ်။

3b

မကြာသေးခင်ကပဲ နာနို (Nano) နည်းပညာကို အသုံးပြုပြီး တည်ငြိမ် လျှပ်စစ်ကနေ ဖုန်းအားသွင်းဖို့၊ LED မီးသီးတွေ မီးထွန်းဖို့အတွက် တည်ငြိမ်လျှပ်စစ် ထုတ်လုပ်တဲ့အင်္ကျီကို ကိုရီးယားနိုင်ငံမှာ ဖန်တီးတီထွင်နေတယ်လို့ သတင်းတစ်ပုဒ်မှာ တွေ့လိုက်ရတယ်။ အဲဒါကတော့ သူ့ဟာသူ သီးခြားနေနေပြီး များပြားလာချိန်မှာ အန္တရာယ်ပေးနိုင်တဲ့ တည်ငြိမ်လျှပ်စစ်ကို အကျိုးရှိအောင် အသုံးပြုနိုင်ဖို့ ကြိုးစားနေကြတာပေါ့။ ကလေးတို့ရော တည်ငြိမ်လျှပ်စစ် ရှိတယ်ဆိုတဲ့အကြောင်းကို စမ်းသပ်မကြည့် ချင်ကြဘူးလား။ ပလတ်စတစ်ဘီးလေးတွေနဲ့ ခေါင်းကို ခပ်ကြာကြာလေး ပွတ်တိုက်ဖြီး ပြီးရင် အဲဒီဘီးလေးနဲ့ စက္ကူစလေးတွေကို ကပ်ပါလာအောင် လုပ်လို့ရတာရော ကလေးတို့သိကြလား။ လေမှုတ်ရတဲ့ ရော်ဘာပူဖောင်းလေးတွေကို အင်္ကျီစနဲ့ လားရာတူ ထပ်ခါထပ်ခါပွတ်ပေးပြီးရင် ပူဖောင်းလေးဟာ တည်ငြိမ်လျှပ်စစ်ထွက်လာပြီး စက္ကူစလေးတွေကို ကပ်ယူနိုင်တယ်ဆိုတာကိုရော သိကြပြီလား။ မသိသေးရင်လည်း လုပ်ကြည့်လိုက်ကြပါဦး ကလေးတို့ရေ။ အဲဒါဟာ တည်ငြိမ်လျှပ်စစ်ပဲပေါ့။ ။

ကေ-ဂျူဝယ်လ်

ယနေ့ထုတ် မြန်မာ့အလင်း ရင်သွေးကမ္ဘာကဏ္ဍမှ ကူးယူဖော်ပြပါသည်။