တန်းတူညီမျှ မိန်းကလေးတို့ဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရက်တာလှုပ်ရှားမှု အောင်ပွဲကျင်းပ

ရန်ကုန်  ၂၀  နိုဝင်ဘာ

တန်းတူညီမျှ မိန်းကလေးတို့ဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရက်တာလှုပ်ရှားမှု အောင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ ရန်ကုန်မြို့ အလုံလမ်းရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တန်းတူညီမျှ မိန်းကလေးတို့ဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရက်တာလှုပ်ရှားမှု အစီအစဉ်ကို ဩဂုတ် ၁၂ ရက်မှ စတင်ကာ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပခဲ့ပြီး ယနေ့တွင် ရက်ပေါင်း ၉၉ ရက် ပြည့်ပြီ ဖြစ်သည့်အတွက် အောင်မြင်မှု အထိမ်းအမှတ်ပွဲ ပြုလုပ်ခြင်းဖြစ်သည်။

"ကျွန်မတို့ ပလန်အင်တာနေရှင်နယ် မြန်မာက‌နေ ဦးစီးပြီး ၂၀၁၉ ဩဂုတ် ၁၂ ရက်ကစလို့ "တန်းတူညီမျှ မိန်းကလေးတို့ဘဝ" ခေါင်စဉ်နဲ့ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ညီမျှသော တာဝန်ယူဆုံးဖြတ်နိုင်ခွင့် (Egual Power)၊ ညီမျှသောလွတ်လပ်ခွင့်နှင့် လုံခြုံမှု (Egual Freedom)၊ ညီမျှသော ကိုယ်စားပြုခွင့်နှင့် ခေါင်ဆောင်နိုင်ခွင့် (Egual Representation) များရရှိစေဖို့ လုပ်ငန်းရှင်ကုမ္ပဏီများနဲ့ ပညာရေးအဖွဲ့အစည်း ၆ ဖွဲ့၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ၊ ပြည်တွင်း၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့ ၂၇ ဖွဲ့၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်း စတဲ့စုစုပေါင်း ၅၄ ဖွဲ့တို့နဲ့ ပူးပေါင်းပြီး လှုပ်ရှားခဲ့ကြပါတယ်၊ ဒီကနေ့မှာတော့ ရက်ပေါင်း ၉၉ ရက်ပြည့်မြောက်ပြီး ဖြစ်ပါတယ်၊ ဒီအတွက် အောင်မြင်တဲ့ အထိမ်းအမှတ် နဲ့ ဒီပွဲတော်ကိုလုပ်ခြင်း ဖြစ်ပါတယ်၊ ဒီပွဲရဲ့ ပြပွဲတွေမှာ ပြည်တွင်း/ပြည်ပ ကုမ္ပဏီများနဲ့ အခြားစီးပွားရေးလုပ်ငန်း အားလုံး ၅၅ နေရာနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ချိတ်ဆက်‌ပေးတာ ဖြစ်ပါတယ် ၊ လာကြတဲ့လူငယ်တွေ တော်တော်များပါတယ်၊ လုပ်ငန်းရှင်များကလည်း တိုက်ဆိုင်တဲ့လုပ်ငန်းတွေမှာ တစ်နေရာထဲကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရကြမယ်လို့ မျှော်လင့်ပါတယ်"ဟု ပလန်အင်တာနေရှင်နယ်မြန်မာ က မန်းနေဂျင်းဒါရိုက်တာ ဒေါ်လင်းလင်းအောင်က ပြောသည်။

အဆိုပါ အစီအစဉ်ကို  ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပလန်အင်တာနေရှင်နယ်မြန်မာ(Plan Intermation Myanmar) တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုအထိမ်းအမှတ် အနေဖြင့် မြန်မာလူငယ်များ၏ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်ပြပွဲ၊ ပြဇာတ်၊ တေးသရုပ်ဖော်အကနှင့် နာမည်ကြီး ဂီတအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓာတ်ပုံ-မျိုးကြီး