တန့်ယန်း၊ လားရှိုး နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

နေပြည်တော် ၂  သြဂုတ်
မူးယစ်တပ်ဖွဲ့စု (၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက တန့်ယန်းမြို့၊ တန့်ယန်း- ပန်ဆန်းကားလမ်း၊ နမ့်ပါတက်တံတားအနီးတွင် စိုင်းအောင်ထွန်း မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ခရီးသည် ဒေါ်အေးဆီ (ခ) အေးအီ ယူဆောင်လာသည့် ကော်ပုံးအတွင်းမှ ဘိန်းစိမ်း ၁၂ ကီလို ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် ၁၀ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ မန်ဆူကားလေးဝင်း၊ သိမ့်ပိုင်ခရီးသည်တင် မော်တော်ယာဉ်ဂိတ်တွင် မသင်္ကာဖွယ်ရာ ဆာလာအိတ်တစ်လုံး အပ်နှံခဲ့ကြောင်းသတင်းအရ စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၁,၄၀ဝ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မွန်းလွဲ ၃ နာရီခွဲတွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်ပုံ(အာခါ)ကျေးရွာနေ ယာဆန်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝဝဝ သိမ်းဆည်းရမိခဲ့၍ ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)