တပေါင်းလပြည့်နေ့တွင် နေပြည်တော်ရှိ ဘုရားပုထိုးစေတီများ၌ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကား

နေပြည်တော်   မတ်

 

တပေါင်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရှိသည့် အခါတော်နေ့ ဖြစ်သည့်အားလျော်စွာ နေပြည်တော်ရှိ ဘုရားပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

 

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၌ နံနက်ပိုင်းတွင် စေတီတော်လိုဏ်တော်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်လေးဆူနှင့် မဟာဆုတောင်းပြည့်ဘုရားတို့ကို ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပသည်။

 

ညနေပိုင်းတွင် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်အညီ ပရိတ်တရားတော်၊ ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ပွားပူဇော်ကြပြီး ဆီမီး ၉၀၀၀ ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ဘာဝနာ ပွားများသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရန်အောင်မြင်ရွှေလက်လှ စေတီတော်၊ ဓာတုစယစေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ကိုးခန်းကြီးဘုရား၊ မဟာသကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်နှင့် သံဝေဇနိယလေးဌာနတို့တွင် တရားဘာဝနာ အားထုတ်ကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

 

မြန်မာ့ဆယ့်နှစ်လ ရာသီတွင် တပေါင်းလသည် နောက်ဆုံးလဖြစ်ပြီး တပေါင်းလပြည့်နေ့ကို မြတ်စွာဘုရား ပြည်တော်ဝင် အခါတော်နေ့အဖြစ် သတ်မှတ်ပြီး သဲပုံစေတီပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ပွဲတော်တစ်ခုအဖြစ် ကျင်းပလေ့ရှိသည်။

 

ထို့ပြင် ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပဋ္ဌာန်းနှင့် ပရိတ် တရားတော်များ ရွတ်ပွားပူဇော်ခြင်းများ၊ သံဃာတော်များကို ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်ဆက်ကပ် လှူဒါန်းခြင်းများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိကြသည်။ 

 

သတင်းစဉ်