တပို့တွဲလ စာအလင်္ကာများ

 

မောင်လူမွှေး(မြန်မာမှု)

မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလကို အကြောင်းပြု၍ ပေါ်ပေါက်လာကြသည့် စာအလင်္ကာများအနက်- ဤထမနဲထိုး တေးထပ်သည် မှတ်ဖွယ်မှတ်ရာဖြစ်ပေသည်။

ကုမ်ရာသီမာသ သဘာဝရွှင်စွာ၊ ထာဝရစဉ်လာ များသူငါခြိမ့်သဲ၊ ညာဇမ္ဗု သာဓုခေါ်အောင် ယာဂုတော်ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ လေးပြည်သာထည့်မြဲ၊ ချိန်ပိဿာ လျှံကြည်ရွဲအောင်လို့ နှမ်းဆီလည်းထည့်ပြန်၊ မြေပဲဆန် အဋ္ဌသုည ငယ်နှင့် ဒွတ္တိံသ တိလဗီဇံ၊ အုန်းသီးစိတ် ကျပ်ဝီသံငယ် လောဏတံ  ချိန်သတ်နှင့်၊ ချင်း(ဂျင်း) နုဖတ်သိင်္ဂီမျှင်ရွှေ သုံးကျပ်မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ် ဥပဒေမော်ကွန်းပလေး…။ ။

ဤတေးထပ်ကိုရေးစပ်သူ စာဆိုမှာ ပါဠိဘာသာကျွမ်းကျင်သူဖြစ်ရာ၏။ ယခုခေတ် အများမသိနိုင်ပေ။ အဓိပ္ပာယ်မှာ ကောက်ညှင်း ဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈၀ သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ သား၊ ဆား ခုနစ်ကျပ်သား၊ ချင်း(ဂျင်း)စိမ်း ၃၀ သားတို့ကို ဒယ်အိုးတွင် နှံ့အောင်မွှေ၍ နယ်ရသည်၊ ထမနဲ ထိုးရသည်ဟု ဆိုလိုပေသည်။

မြန်မာ့အစားအစာအချို့သည် အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ သဘာဝရာသီဥတုနှင့်ကိုက်ညီစွာ ပြုလုပ်ထားသော မုန့်ပဲ သရေစာ အစားအစာများရှိရာ ဤထမနဲ အစားအစာသည် ကုမ်ရာသီ တပို့တွဲနှင့် ကိုက်ညီသော အစာအာဟာရဖြစ်ပေသည်။

တိုင်းရင်းဆေးကျမ်းများတွင် တပို့တွဲလကား အလွန်အေးမြ၍ လူတို့တွင် အဆီခြောက်ခန်းသောကာလ ဖြစ်ပေသည်။ ထိုအခါ ဆီနိုင်နိုင်ရှိသော အပူစာထမနဲကို စားသုံးပါကအသားအရည်စိုပြည်၍ အပူဓာတ် ရရှိနိုင်ကြောင်းကို မဟာနရီကွန်ချာဆေးကျမ်း၊ သဘာဝဓမ္မ ဆေးကျမ်း၊ ဩဠာရိကသုခုမဆေးကျမ်း စသည်တို့တွင် နှီးနွှယ်ဖွင့်ဆို ထားသည်များကို တွေ့ရပေသည်။

ယခင် တပို့တွဲလ ဆောင်းပါးတွင် ယာဂုအမျိုးအစားများကို တိပိဋက အဘိဓာန်အဖွင့်နှင့် အမြွက်မျှ ရှင်းခဲ့ပေပြီ။ မီးဖုံးပွဲနှင့် ယာဂုပွဲ သည် တပို့တွဲလ ချမ်းအေးမြသောကာလကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ မြန်မာ့ရာသီဥတုကို အကြောင်းပြု၍ ဆေးကျမ်းများက ယာဂု(ဝါ)ထမနဲသည် ဆီလျော်သော ကိုက်ညီသော အာဟာရဖြစ်ကြောင်းကို လင်းပါးဖွယ်မရှိ ထုတ်ဖော်ကြ၏။ ဤထမနဲထိုးနည်း တေးထပ်မှာ အသုံးချနည်း စနစ်ဆိုင်ရာ သုတစာပေဖြစ်ပါ၏။ လက်တွေ့အသုံးချ၍ စားသုံးနိုင်ပါ၏။

ဘာသာရေးစာပေအနေဖြင့်မူ- တစ်ခါသော် ဗုဒ္ဓဘုရားရှင်သည် နောက်ပါရဟန်းတော်များနှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ထိုဒေသမှလူတို့သည် ဆန်၊ ဆီ၊ ဆား စသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့် ဆောင်ယူလာကြကာ ဆွမ်းဘောဇဉ်အာဟာရတို့ကို ကပ်လှူ ပူဇော်ကြကုန်၏။

ထိုစဉ် ပုဏ္ဏားတစ်ဦးသည် အလားတူ ဆွမ်းကပ်လှူဒါန်းလိုသော်လည်း သူ့အလှည့်သို့မကျနိုင်ဖြစ်လေသည်။ အရှင်အာနန္ဒာကို ချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်ချိုတို့ကို ဘုရားရှင်နှင့်တကွ သံဃာတော် တိုအား ဆက်ကပ်ခွင့်လျှောက်ထားရာ ပုဏ္ဏားဆန္ဒကို ဗုဒ္ဓဘုရားရှင်က ခွင့်ပြုလက်ခံတော်မူကြောင်းကို ဝိနည်းပိဋက မဟာဝါပါဠိတော်၌ လာပေသည်။

လုံးတော်ဆရာတော်၏ ပကိဏ္ဏက ဝိဿဇ္ဇနာကျမ်းတွင် အခါ တစ်ပါး ဘုရားရှင်သည် လေနာနှိပ်စက်ခြင်းခံရ၍ အရှင်အာနန္ဒာအား ယာဂုဆွမ်းခံချေဟု မိန့်တော်မူ၍ မာတုဂါမတစ်ဦးထံ အလှူခံရာ ချင်း(ဂျင်း)စိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂု ဆွမ်းကိုကပ်သဖြင့် လေနာငြိမ်းသည်ဟု ဖွင့်ဆိုထားသည်ကို တွေ့ရ လေသည်။

ဆိုလိုသည်မှာ ယာဂုသည် ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန် စသည်တို့ ပါသော ဆန်ပြုတ်တစ်မျိုးဖြစ်သည်။ ရေကျဲကျဲဆန်ပြုတ်မှသည် ရေနည်းနည်းဖြင့်တွဲကာ ယနေ့ခေတ် ထမနဲအထိသည် ယာဂုတွင် အကျုံးဝင်ပေသည်။ ထို့ကြောင့် ကုန်းဘောင်ဆက် ရာဇဝင်ကြီး၌ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် မြို့တော်လေးပြင်လေးရပ် တရုတ်၊ ကုလား မျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ယောက် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ၌ ကောက်ညှင်း၊ ဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကို ထည့်ကျိုသည်ဟု မှတ်တမ်းပြုထားသည်ကို တွေ့ရပေသည်။

ထမနဲ(ဝါ)ထမင်းနှဲဟူသော ဝေါဟာရသည် (ကောက်ညှင်း) ထမင်းကို နှဲခြင်းဟူသော အသုံးအနှုန်းမှ ဖြစ်ပေါ်လာပေသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲဟုခေါ်ကြောင်း ဆိုကြ၏။ ပညတ်သာခြား ဓာတ်မပြားပင် ဖြစ်ပေသည်။

မြန်မာ့ရိုးရာအရ ထမနဲပွဲများကို မြန်မာပြည်အနှံ့ ဘာသာရေးအသင်း အဖွဲ့များ၊ အစိုးရဌာနဆိုင်ရာများ အခြားသော အသင်းအဖွဲ့များသည် အစဉ်အဆက် ကျင်းပလာခဲ့ကြလေသည်။ ရွှေတိဂုံစေတီတော်တွင် ကျင်းပသော ထမနဲပွဲသည် နှစ်ပေါင်းရာချီ၍ ရှိခဲ့ပေပြီ။ ယခင်က ရွှေတိဂုံစေတီတော်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အသင်းအဖွဲ့ များကဦးစီး၍ ကျင်းပခဲ့ကြသည်။ နောင်သော် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ ကျင်းပလာရာ ယခုနှစ်ဆိုလျှင် (၁၆) ကြိမ်မြောက်ရှိပေပြီ။ ဝန်ထမ်းအားလုံး တပျော်တပါးရှိကြကာ စည်ကားလှပေသည်။ ဌာနများအလိုက် ထမနဲထိုးကြရာ ပ၊ ဒု၊ တ နှင့် နှစ်သိမ့်ဆု ရကြသည့် အဖွဲ့များကို ဂေါပကအဖွဲ့က ဆုချီးမြှင့်လေသည်။

တပို့တွဲလ၏ အခြားပွဲတော်မှာ မီးဖုံးပွဲနှင့် ဩဝါဒပါတိမောက် အခါတော်နေ့ ဖြစ်ပေသည်။ ဤသည်ကိုလည်း ရှေးစာဆိုကြီးများက ရေးဖွဲ့ခဲ့ကြသည်။

သာစွလေ-နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊ ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း၊ ဆူးပန်း၊ လဲ၊ ပေါက်၊ ဝင်းဝင်းတောက်လျက်၊ ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်၊ ငှက်ကျေးပျံကြွ၊ ကောင်းကင်လဝယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊ တပို့တွဲမူ၊ မဖွဲမိုးလေ၊ သုံးလူ့ဆွေလျက်၊ လေးထွေအင်စုံ၊ ကြိုက်ကြုံအဟုတ်၊ ပါတိမုတ်ကို၊ ဖော်ထုတ်စိစစ်၊ ပြမြဲဖြစ်၍၊ ရပ်ရှစ်မျက်နှာ၊ သံဃာတို့အား၊ ဆယ်ပါးဝတ္ထု၊ ယာဂု,အဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးဖုံးသဘင်၊ လှူကြီးရင်သည်၊ ရောက်ချင်နိဗ္ဗာန်ကျွန်းတည့်လေး..၊ ပွင့်လင်းစည်သည်..ရွှေပြည် ရွှေဝ နန်းတည့်လေး…။ ။

ဤစာမှာ ဆည်သည်ရွာစား ဦးအောင်ကြီး၏ လူးတား စာအလင်္ကာ ဖြစ်ပေသည်။ တပို့တွဲလ နက္ခတ်တာရာဆိုင်ရာနှင့် ရာသီပန်းမန်များ၊ ဩဝါဒပါတိမောက်ပြမှု၊ မီးဖုံးပွဲနှင့် ယာဂုထမနဲပွဲကို ပေါ်လွင်အောင် ရေးဖွဲ့ထားခြင်းဖြစ်သည်။ အသိခက်ခဲသော ဝေါဟာရ အသုံးအနှုန်းများ မပါရှိပေ။

အောက်ပါစာမှာမူ အင်းဝခေတ် နာမည်ကျော် ရှင်ဥတ္တမကျော်၏ “လ”ကိုးလုံးအချဖြင့် ထင်ရှားခဲ့သော တောလားကိုးပိုဒ်ထဲမှ တပို့တွဲလ ၏ သဘာဝပတ်ဝန်းကျင်ကို ရေးဖွဲ့ထားသောစာပေဖြစ်ပေသည်။

…ကုမ်တြင်းသိဟ်၊ နဝင်းအိမ်မှာ၊ ရွှေချိန်တာရာ၊ သံကောက်မာနှင့်၊ ရတနာစုံ၊ စန်းနိတုံလည်း၊ ဘုံဝေရမ္ဘ၊ ယုဂန်ဝက၊ ပပထွန်းလျှံ၊ တည့်မွန်းမှန်သော်၊ ရေလျှံသမုဒ်၊ ပုဇွန်တုပ်လည်း၊ လှိုင်းပုတ်မခံ၊ ကျောက်နန်းစံခဲ့…။ ။

ဤတောလားစာအလင်္ကာတွင် နေ၊ လ၊ နက္ခတ်တာရာ၊ ရာသီစက် (သိဟ်ရာသီ) နဝင်းစက်၊ ဒီရေအတက်အကျ၊ နက္ခတ်တာရာပုံသဏ္ဌာန်၊ ရေနေ၊ ကုန်းနေ သတ္တဝါတို့၏ သဘာဝအလေ့အထ၊ တောတောင်ရေမြေ ပန်းမန် စသည်တို့ကို ရေးဖွဲ့ထားသော အကြောင်းအရာထဲမှ တစ်ပိုဒ်မျှ ဖြစ်ပေသည်။ အသိရခက်သည်။ နက်နဲသည်။ သိမ်မွေ့သည်။

“လ”ကိုးလုံးချ တောလားမှာ မြန်မာစာ မြန်မာမှုကို လေးလေး နက်နက်သိပါမှ ရေးရေးပေါ်နိုင်သော စာအလင်္ကာဖြစ်ပါသည်။ ရှေးစာဆို ကြီးများသည် လရာသီအဖွဲ့များကို ထီးသုံး၊ နန်းသုံး၊ ပညာရှင်သုံး ရေးဖွဲ့ခဲ့ကြသလို အရပ်သုံး၊ ဇာတ်သုံး၊ ကျေးလက်စကားဖြင့်လည်း ရေးဖွဲ့ ခဲ့ကြသည်များ ရှိပေသည်။ အောက်တွင်ဖော်ပြသည့် ဆောင်းဘွဲ့နှင့် တပို့တွဲလဘွဲ့မှာ အများနားလည်သော လွမ်းချင်း စာအလင်္ကာများ ဖြစ်ပါသည်။

တပို့တွဲနှင့် ထမနဲပွဲသည် ဆက်စပ်မှုရှိသလို မီးဖုံးပွဲနှင့် ချမ်းအေး သောကာလကို အကြောင်းပြု ဆက်စပ်သော စာအလင်္ကာများသည် လည်း ပေါ်ပေါက်လာပေသည်။ ထိုစာအလင်္ကာများအနက် လွမ်းချင်း (ခေါ်) လွှင့်သံစာပေသည် ပို၍များသလို ပို၍ စာသားများပြောင်မြောက် ကြသည်ဟု ဆိုချင်ပါသည်။ ချမ်းအေးသောအခါ ချစ်သူ ခင်သူမြတ်နိုးသူ မရှိသူများအတွက် လွမ်းစရာဖြစ်ထွေကို ရေးဖွဲ့ကြရာ ကွမ်းရေတော်ကိုင် မောင်မောင်တိုး ရေးစပ်သည့် ဆောင်းဘွဲ့တေးထပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

မစုံသူ ပန်းရှာရအောင်လို့ ဆန်းကာလ ရွှေဉာဏ်…ချမ်းပါ…သဗျ/ သရှင့်...ဟေမန်ဝယ်… လေပြန် လှုံ့ဆော်ခဲ့၊ ဆွေတင်တင့် ပွေအင် ကြုံသည်၊ ရွှေရင်အုံ အေးလှချေငဲ့။ တရေးမျှ မှေးစက်မပျော်နိုင်၊ နွေးဖက်နော်ပြူဘဲ့…ထွေးဖက်တော်မူလှဲ့ပ သူဇာဘွဲ့ နန်းငုံ၊ နှစ်သွယ် ပြိုင် ခိုင်ဖြူစွ… ဆိုင်သူက ဝေးတဲ့ခါကြုံ… လှိုင်ကြူကြွ ဂန္ဓာရုံမှာ... ပန်းညှာငုံ ပွေစိတ်နှင့်၊ ရွှေဖိတ်ညွန့်နန်း သုံးကမ္ဗလာ လွှမ်းခြုံမှသာ၊ လုံနိုင်ဘူး ကေမှူးညှာမှာ... ရွှေဖူးစာကံနဲလို့လေး…။ ။

ဟု ရေးဖွဲ့ထားလေသည်။ ဤတေးထပ်ကို အလင်္ကာကျော်စွာ ရွာစားကြီး စိန်ဘမောင်၏ အတီးနှင့် ဆိုင်းနောက်ထ ဦးစပယ်ရှယ်၊ အဆိုတော်ကြီး ခင်ခင်ညွန့်တို့ ဆိုထားချက်မှာ အလွန်ရသမြောက်လှရာ ဆောင်းဘွဲ့ စာအလင်္ကာရသ ရေးဖွဲ့ခဲ့သော စာဆိုကွမ်းရေတော်ကိုင် မောင်မောင်တိုးတို့ကိုပါ လေးစားဦးညွှတ်ရပါ၏။ ဆရာမြဝင်း(ဒဿန)ကမူ ထိုတေးထပ် ဆောင်းဘွဲ့စာအလင်္ကာကို ယဉ်ကျေးမှုနှင့်စပ်လျဉ်း၍ ဖော်ပြရာတွင် ထိထိခိုက်ခိုက် ခံစားရသည့် စာပေဂီတအလင်္ကာဖြစ် ကြောင်း ဂုဏ်ပြုညွှန်းဆိုထားသည်ကို တွေ့ရပါသည်။

ထိုကဲ့သို့ လွမ်းချင်းများသည် ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိကြောင်း ဆရာမြဝင်း(ဒဿန)၏အာဘော်ကို ခြေရာခံသောအခါ မြန်မာစာပေ တွင် လွမ်းချင်း(ခေါ်)လွှင့်သံ ရေးစပ်ခဲ့သော စာဆိုများကို သတိထားမိ ပြန်ပါသည်။ မဟာအတုလမင်းကြီး(ရာသီဘွဲ့များ)၊ ဦးသား၊ ဦးကြင်ဥ၊ ဖိုးသူတော်ဦးမင်း၊ စလေဦးပုည၊ လှိုင်ထိပ်ခေါင်တင်၊ ဦးကြော့၊ ဝေါမှူးကြီးဦးခြုံ၊ အချုပ်တန်းဆရာဖေ၊ သာဝတ္ထိဦးကြီး၊ ဦးဆောင်း၊ ဝန်စာရေးဦးကြီး၊ ဆတိုင်မွတ်ဦးကူး၊ ဖိုးဝဇီရ၊ မြို့စာရေးဦးဘ၊ မော်လမြိုင်ဆရာယော၊ ဝန်စာရေး ဦးရွှေတောင်၊ ဦးဘိုးအို၊ ဆရာမွှန်း၊ ဦးထူး စသည်ဖြင့် စာဆိုပုဂ္ဂိုလ်များကို တွေ့ရလေသည်။

လွမ်းချင်းစာဆိုပုဂ္ဂိုလ်များအနက် ဆယ့်နှစ်လရာသီဘွဲ့ ရေးစပ်သော မဟာအတုလမင်းကြီးနှင့် လှိုင်ထိပ်ခေါင်တင်တို့မှာ ပို၍ထင်ရှားလှပါ၏။

လွမ်းချင်းသဘောမှာ တောတောင်ရေမြေ၊ ရာသီဥတု သဘာဝ ပတ်ဝန်းကျင်ကို အခြေခံဖွဲ့ဆိုသော အကြောင်းအရာဖြစ်ရမည်။ အပိုဒ် နှစ်ပိုဒ် ပါရမည်။ နှစ်ပိုဒ်လုံးတွင် “လေး…” စကားလုံးဖြင့် ဆုံးရမည်။

လွမ်းဆွတ်သံဖြင့် တမ်းတညည်းဟစ်၍ (လွှင့်၍) ဆိုရမည်။ ထို့ကြောင့် လွမ်းချင်းဟုခေါ်ကြောင်း ဗေလုဝဆရာတင်က ဂီတာ လင်္ကာရဒီပနီတွင် ဖွင့်ဆိုထားလေသည်။ ဖော်ပြမည့် လွမ်းချင်းမှာ မဟာအတုလ မင်းကြီး၏ တပို့တွဲလလွမ်းချင်း ဖြစ်ပါသည်။

ညံလို့သာ သဲတော့တယ်…. ပေါက်လဲငယ်ဖွင့်ရံ၊ ထိန်ထိန်ငယ် လျှံသည်…ဆက်ရက်သံစာစာနှင့် ငှက်ညီလာ ကျင်းတဲ့လ ကိုလေး…။

ကုမ်ဟေမန်ငယ်…၊ ဆင်ကြန်သွင်းမြဲ၊ တပို့တွဲမို့၊ မင်းပွဲရွှင်ပျော်၊ ယာဂုတော်နှင့်၊ ကြွေးကြော်ပြင်ဆင်၊ လွမ်းဖို့သာယင်တော့တယ်…ကောင်းကင်မြင့် တိမ်ဆီမှာ၊ ကြယ်မာဃီ ရောင်စုံကျင်းလို့ လင်းလှ တယ်လေး…။

ဤလွမ်းချင်းတွင် စာဆိုမယ်ခွေ၏ ဆယ့်နှစ်လရာသီဖွဲ့ အဲချင်းများ မှာကဲ့သို့ အသိခက်သော၊ လျှို့ဝှက်သော၊ ပဟေဠိဆန်သော စကားအသုံး ဝေါဟာရ ပေါရာဏစသည်များ မပါဝင်ပေ။ ရိုးရိုးပင် ရေးဖွဲ့ထားရာ ရိုးဂုဏ်၊ ပွင့်လင်းဂုဏ်၊ အရပ်စကား၊ ကျေးလက်စကားသံများဖြင့် မွမ်းထုံ၍ ရာသီကုမ် တပို့တွဲကို ဖော်ပြထားပေသည်။

လွမ်းချင်း (ခေါ်) လွှင့်သံများမှာ အခြားသော ပျို့၊ ရတု၊ ရကန်၊ ဧချင်း၊ အဲချင်း၊ မော်ကွန်း စသည်တို့ကဲ့သို့ များများစားစား မရှိလှပေ။ ကျေးလက်သဘာဝကို အခြေခံသော အရပ်သားအမြင်ကို ရေးဖွဲ့သော အကြောင်းအရာက များပေသည်။

ဤသို့သော လွမ်းချင်း(ခေါ်)လွှင့်သံ ကဗျာစုများကို ဆရာကြီး ဦးအောင်သောင်း (မြန်မာစာပါမောက္ခ-ငြိမ်း) က စုစည်း၍ ရေးသား ဖော်ပြထားလေသည်။ ဆရာကြီး၏စာအုပ် ပရိကံစကားနှင့် လွမ်းချင်း ကဗျာများ နိဒါန်းမှာ သုတေသနစာတမ်းတစ်စောင်ကို ဖတ်မှတ်ရသကဲ့သို့ ရှိပါ၏။ ထိုစာအုပ်ထဲမှ တပို့တွဲလလွမ်းချင်းကို ဖော်ပြထားခြင်းဖြစ်ပါသည်။  

ထိုစာအုပ်ကို ကိုရွှေသိမ်းမင်းက ပန်းရွှေပြည် ရှေးကဗျာစု-၅ ဟု ထုတ်ဝေသည်။ ထိုကဲ့သို့သော ရှေးစာပေများကို ထိန်းသိမ်းနိုင်ကြပါစေ။ ဖြန့်ဝေနိုင်ကြပါစေ။ သုတ-ရသ ခံစားနိုင်ကြပါစေဟု ဆန္ဒပြုနိဂုံးချုပ်ပါ၏။