တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက်

 

နေပြည်တော် ၃၀ ဒီဇင်ဘာ  

 

မိမိနိုင်ငံသမိုင်းတွင် မြန်မာအမျိုးသမီးများသည် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားပြီး မျိုးချစ်စိတ်ဓာတ်နှင့်အတူ စစ်သွေးစစ်မာန်များ အစဉ် ထက်မြက်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားများသည် ယောကျာ်း/ မိန်းမ မခွဲခြားဘဲ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ အစဉ်ကိန်းအောင်းလျက်ရှိကြောင်း၊ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေးအတွက် အမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ရာ ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီး စစ်မှုထမ်းများစွာလည်း ပေါ်ပေါက်ခဲ့ပြီး တပ်မတော် (ကြည်း၊ရေ၊လေ)တွင် အဆင့်၊ ရာထူး အမျိုးမျိုးနှင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြကြောင်း၊ ယခုသင်တန်း ဆင်းများအနေဖြင့်လည်း ပေးအပ်လာမည့် တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပသော ဘွဲ့ရအမျိုးသမီး  ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဘွဲ့ရအမျိုး သမီးဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ဗိုလ်လောင်းတပ်ခွဲများကို စစ်ဆေးသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)  ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂) မှ  အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး အား ဆုပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများ၏ တပ်မတော် အများစုတွင် အမျိုးသမီးများကို စစ်မှုထမ်းဆောင်ခွင့်ပေးထားပြီး စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုသည့်  အုပ်ချုပ်မှု တာဝန်များအပြင် စစ်မြေပြင်အထိ  တိုက်ခိုက်ရေး တာဝန်ကိုပါ ထမ်းဆောင်စေလျက် ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် အမျိုးသမီးလေသူရဲများအဖြစ် တာဝန် ထမ်းဆောင်နေကြကြောင်း၊ သင်တန်းတွင် စစ်ပညာ၊ အုပ်ချုပ်မှုပညာများ၊ စစ်ဘက်ဥပဒေ၊ ခေါင်းဆောင်မှုနှင့် နိုင်ငံတကာ ဆက်ဆံရေး အစရှိသည့် စစ်အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဖြစ်၍ မကြာမီ လက်ရုံးတပ်ဖွဲ့အသီးသီးတွင်  တပ်မတော်၏ အဓိကကျသည့် အုပ်ချုပ်မှု ဆိုင်ရာတာဝန်များကို လက်တွေ့ကျကျ စတင်ထမ်းဆောင်ကြ ရမည်ဖြစ်ကြောင်း၊

 

မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပထဝီအနေအထားပေါ် မူတည်ပြီး “ပြည်သူ့စစ်  မဟာဗျူဟာ”ကို နိုင်ငံတော် ကာကွယ်ရေးမူဝါဒအဖြစ် သတ်မှတ် ထားကြောင်း၊ ပြည်သူ့စစ် မဟာဗျူဟာဆိုသည်မှာ ပြည်သူကို ဗဟိုပြုထားခြင်း ဖြစ်၍ တပ်မတော်နှင့် ပြည်သူ တစ်သားတည်းရှိရန် လိုအပ်ကြောင်း၊  ထို့ကြောင့် အုပ်ချုပ်မှုစွမ်းရည် ဦးစွာ ထက်မြက်လာသည်နှင့်အညီ စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်လည်း အလိုအလျှောက် မြင့်မား တိုးတက်လာမည် ဖြစ်ကြောင်း၊ အခြေခံအကျဆုံးနှင့်အဓိက လုပ်ငန်းတာဝန်ကြီးဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အသက်ပေး ထမ်းဆောင်နေရသည့် တပ်မတော် အနေဖြင့် ပိုမိုကျစ်လစ်ခိုင်မာနေရန် လိုအပ်ကြောင်း၊  “ဘယ်သူခွဲခွဲ ဒို့မကွဲ၊ အမြဲစည်းလုံးမည်” ဆိုသည့် တပ်မတော်၏ဆောင်ပုဒ်နှင့်အညီ တပ်တွင်း စည်းလုံး ညီညွတ်ရေးကို ပိုမိုကျစ်လစ်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ပြီး တစ်ဆက် တည်းတွင် တပ်ပြင်စည်းရုံးရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များ ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အချိန်တိုင်း တပ်မတော်သည် ရှေ့ဆုံးက သွားရောက်ကူညီခဲ့ကြောင်း၊ ထို့ပြင် သွားလာမှုခက်ခဲ သည့်နေရာများ အထိ သွားရောက်ပြီး ဆေးဝါးကုသပေးမှုများ အပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ကူညီ ဆောင်ရွက်ပေးခြင်းဖြင့်  မွန်မြတ်သော ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထမ်းရွက်နေခြင်းဖြစ်ကြောင်း။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၀)တွင် “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်”ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်  သကဲ့သို့ ပြဋ္ဌာန်းချက်များကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေ   မည်သို့ပြည့်စုံ ကောင်းမွန်စေကာမူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မည့် ခေတ်မီတပ်မတော်တစ်ရပ် မရှိခဲ့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာလည်း အရှည်သဖြင့် မတည်တံ့နိုင်သည်ကို  သိရှိထားရန်လိုအပ်ကြောင်း။

 

မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံများကြားတွင်တည်ရှိပြီး ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက် တည်နေရာကို ပိုင်ဆိုင်ထားသည့်အတွက် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် လူဦးရေစိမ့်ဝင် ထိုးဖောက်လာမှု၊ လူဦးရေမညီမျှမှု ပြဿနာများကို ရင်ဆိုင်ကျော်လွှား နိုင်ရန်လိုကြောင်း၊ တိုင်းရင်းသား အားလုံးသည် မိမိတို့၏ တိုင်းရင်းသား အဖြစ်တည်ရှိမှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုများကို ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ ဘဝလုံခြုံရေး၊ ရှင်သန်ရပ်တည်ရေးများအတွက်လည်း အာမခံချက်ရှိသည့် ဥပဒေများနှင့် အရှည်မျှော်တွေးပြီး ကာကွယ်စောင့် ရှောက်သွားရန် လိုအပ်ကြောင်း၊ ပထဝီ နိုင်ငံရေးအရ အရေးပါမှုကို လွှမ်းမိုးအသုံးချခြင်း မခံရအောင် သတိကြီးစွာထားရန်လည်း လိုအပ်ကြောင်း၊ ရရှိခဲ့ပြီးဖြစ်သည့် သင်ခန်းစာများအပေါ်မူတည်ပြီး တပ်မတော်ကို စွမ်းရည် ပြည့်ဝသော တပ်မတော်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက် သွားရမည်ဖြစ်ကြောင်း။

 

စည်းကမ်းကောင်းခြင်း၊ အမိန့်နာခံမှုကောင်းခြင်းသည် တပ်၏စွမ်းရည်ကို များစွာ အထောက်အကူပြုကြောင်း၊ တပ်မတော်အစဉ်အလာတွင် စည်းကမ်း ကောင်းမွန်ခြင်းသည် ထိပ်ဆုံးကနေပါရှိပြီး ဆက်လက်ထိန်းသိမ်းခြင်းဖြင့် ဂုဏ်ယူကြ ရမည်ဖြစ်ကြောင်း၊  ဥပဒေနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်း ကမ်း၊ ဥပဒေများကို လေးလေးစားစား လိုက်နာကြရန် မှာကြားလိုကြောင်း။

 

ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော် အဖြစ် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင် ကြောင်း၊  ငြိမ်းချမ်းမှု မရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုသည် အလှမ်းဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်များ လည်း နိမ့်ကျနေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံနှင့် စုစည်းထားသည့် တပ်မတော်အနေဖြင့် လူမျိုးရေးခွဲ ခြားမှုလုံးဝမရှိဘဲ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွား တိုးတက်မှုကိုသာ အဓိက လိုလားကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် မူဝါဒ(၆)ရပ်ချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံနှင့်ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန်ခွန်စိုက်ကြိုးပမ်း နေကြောင်း၊ တပ်မတော်၏ ချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒများသည်  နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုနေကြောင်း၊ ယခုဆိုလျင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်၍ ယင်းဒေသက ပြည်သူ များသည်လည်း ဒေသတွင်း ဖွံ့ဖြိုးမှုနှင့် လူမှုစီးပွားဘဝ မြင့်မားလာခြင်း ဆိုသည့် ငြိမ်းချမ်းရေး၏ အနှစ်သာရကို စတင်ခံစားနေကြရပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ဆိုသည်မှာ တိုင်းရင်းသား ညီအစ်ကိုအားလုံးတွင် တာဝန်ရှိကြောင်း၊ တိုင်းရင်းသား တစ်ဦးတစ်ယောက် ဆုံးရှုံးခြင်းသည် နိုင်ငံတော်အတွက် လူသားအရင်း အမြစ်တစ်ခု ဆုံးရှုံးခြင်းပင် ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် လက်နက်ကိုင် အဖွဲ့များအတွက်လည်း တပ်မတော်အနေဖြင့် အမြဲတမ်းတံခါး ဖွင့်ပေးထားပြီး ကြိုဆိုလျက် ရှိကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုငြိစွန်းစေသော အပြုအမူ အပြောအဆိုများကို အထူးဂရုပြု ရှောင်ရှားကြရန်မှာကြား လိုကြောင်း။

 

အမျိုးသမီး စစ်မှုထမ်းအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သူများအနေဖြင့် တပ်မတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွင် အထောက်အကူ ပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ သမိုင်းကြောင်းနှင့် ယှဉ်လျက်ရှိသော မြန်မာ့တပ်မတော်၏မွန်မြတ်သည့် အစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊  ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့်အညီ ကျင့်ကြံ နေထိုင်ပြီး တပ်မတော်၏ ဂုဏ်ကို ဆောင်နိုင်သော အရာရှိများဖြစ်အောင် ကြိုးစား သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ကာကွယ် ထိန်းသိမ်းပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးထိုက်သည့် ခေါင်းဆောင် များဖြစ်လာအောင် အစဉ်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

 

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူသည်။

 

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရိပ်သာ ဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း သိမ့်သိမ့်နွယ်စိုး သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း သွယ်သွယ်အောင်တို့အား မိဘများနှင့်အတူ တွေ့ဆုံ၍ ဂုဏ်ပြုအမှာ စကား ပြောကြားသည်။