တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနား တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် ၂၃  ဒီဇင်ဘာ

 

တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ရောဂါပြုစု ကုသရေး၊ ရောဂါ ရှာဖွေရေး၊ ရောဂါတားဆီး ကာကွယ် နှိမ်နင်းရေး၊ ကျန်းမာရေး မြှင့်တင်မှုနှင့် လူနာများ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် စံပြုထိုက်သည့် သူနာပြုများ၊ ဆေးဘက် ပညာသည်များ ဖြစ်စေရန် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး အတွက်လည်း အထောက် အကူပြု နိုင်သည်များ ဖြစ်စေရန်နှင့် အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များတွင် လူပုဂ္ဂိုလ် တစ်ဦးချင်း၊ မိသားစု တစ်စုချင်းမှသည် ဒေသအလိုက် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ကြရန် လိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေ စည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ တပ်မတော် ဆေး တက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပသည့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၃) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း သူနာပြုများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းတပ်ခွဲများ၏ အလေး ပြုခြင်းကို ခံယူပြီး သင်တန်းဆင်း တပ်ခွဲများကို စစ်ဆေးသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းတပ်ခွဲများက အနှေး လျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၃)မှ အကောင်းဆုံး သင်တန်းသားဆုရရှိသူ သင်တန်းသား ခန့်ထက်ကျော်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသား နှင်းကိုနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသား စိုးဌေးလှိုင်တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်း ပြောကြားရာတွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကို ၂၀ဝ၀ ပြည့်နှစ်တွင် တပ်မတော် သူနာပြုတက္ကသိုလ ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၂ ခုနှစ်၌ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အဖြစ် တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အမျိုးသမီးသူနာပြု သိပ္ပံဘွဲ့ သင်တန်းများကိုလည်း  ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ အဆင့်မြင့် ပညာရပ်များကို ဆက်လက် ဆည်းပူးနိုင်ရန် မဟာဘွဲ့ နှင့် ပါရဂူဘွဲ့သင်တန်း များကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ပါရဂူဘွဲ့ ရရှိပြီးသူ ၄ ဦး၊ မဟာဘွဲ့ ရရှိပြီးသူ ၂၉၇ ဦးနှင့် တက်ရောက်ဆဲ ပါရဂူဘွဲ့ သင်တန်းသား ၉ ဦး၊ မဟာ သင်တန်းသား ၄၅ ဦးတို့ ရှိပြီးဖြစ်ကြောင်း။

 

ယနေ့ခေတ်စစ်ပွဲများသည် အဖျက်စွမ်းအား ကြီးမားသည့် ခေတ်မီနည်းပညာ လက်နက်များ အသုံးပြု တိုက်ခိုက်ကြသည်ဖြစ်၍ သေကျေဒဏ်ရာရမှုများလည်း ပိုမို များပြားလာသဖြင့် ထက်မြက် ထိရောက်သည့် ဆေးအကာ အကွယ်ပေးရေးနှင့် ဒဏ်ရာ အနာတရဖြစ်သူများကို ပြုစုကုသပေးနေသော ဆေးဘက်ဆိုင်ရာပညာသည် လိုအပ်ချက်များ ပိုမိုမြင့်တက်လာနေကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာ တပ်မတော်များသည် စစ်ပွဲတစ်ပွဲကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို အလွယ်တကူ တုံ့ပြန်ဖြေရှင်းနိုင်သော တပ်မတော် ပုံစံဖြစ်လာရန် တည်ဆောက်လျက်ရှိကြောင်း၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်သည် တပ်မတော် တစ်ရပ်ကို အထောက်အကူပြုနေသော အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း။

 

တပ်မတော်မှ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာပညာသည်များကို မွေးထုတ် နေခြင်းသည် တပ်မတော်သားများအား အထောက်အကူပြုရန်အတွက်သာမက ရောက်ရှိ တာဝန်ထမ်းဆောင်ရမည့် ဒေသများတွင် ဆေးဘက်ဆိုင်ရာ အထောက်အကူ လိုအပ်နေသော ဒေသခံ တိုင်းရင်းသား ပြည်သူများကို အလုပ်အကျွေးပြုပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ဒဏ်ရာအနာတရဖြစ်သူ၊ ကျန်းမာရေးချို့တဲ့သူ တပ်မတော် သားများ၊ မိသားစုဝင်များနှင့် ပြည်သူများကို သင်ယူတတ်မြောက်ထားသော သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာများအား ထိရောက်စွာ အသုံးပြုပြီး “စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ” ဆိုသည့် ဆေးတပ်ဖွဲ့၏ဆောင်ပုဒ်အတိုင်း ပြည့်စုံလုံလောက်သော ဆေးအကာ အကွယ်ပေးခြင်း၊ ပြုစုကုသခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားကြရ မည်ဖြစ်ကြောင်း။

 

ထက်မြက်ကျွမ်းကျင်သည့် သူနာပြုများဖြစ်စေရေးအတွက် သူနာပြုသိပ္ပံနှင့် ဆေးဘက် ပညာရပ်ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများကို ခေတ်နှင့်အညီ မျက်ခြည်မပြတ် လေ့လာ ဆည်းပူးနေကြရန် လိုကြောင်း၊ ကျန်းမာရေး ကာကွယ် စောင့်ရှောက်မှု အားလုံးတွင် ရှေးဦး သူနာပြုစုခြင်းမှာ အရေးအကြီးဆုံး ဖြစ်သလို ရောဂါရှာဖွေမှု၊ ကုသပေးမှု၊ ပြုစုမှုနှင့် ပြန်လည် ထူထောင်ပေးမှုများ ဆောင်ရွက် ရာတွင်လည်း ဆေးဝါးများ၊ စက်ကိရိယာများထက်ပိုပြီး အစွမ်းထက်သော စိတ်ပိုင်းဆိုင်ရာ ဖေးမကုသမှုမှာ ခံယူချက်နှင့် စိတ်နှလုံးသား အတွင်းတွင် ရှိနေရန်လိုအပ်ကြောင်း၊ သူနာပြုတစ်ဦးသည် မိမိ၏ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပြီး မိမိကိုယ်ကို စံပြအဖြစ်ပြဋ္ဌာန်းလျက် ထူးခြား ကောင်းမွန်သော သည်းခံစိတ်ရှည်မှုများနှင့် လူနာကို ဆက်ဆံသည့် ကျင့်ဝတ် တန်ဖိုးများကို အခြေခံထားပြီး စံများကို မိမိတို့၏ နှလုံးသားတွင် ထာဝရ ကိန်းအောင်း နေအောင် ကျင့်ကြံဆောင်ရွက်မှသာ တပ်မတော် သူနာပြုနှင့် ဆေးဘက် ပညာ တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ “ကျွမ်းကျင်၊ ကူညီ၊” များဖြစ်လာမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်နှင့် တပ်မတော်က မျှော်မှန်းချက်ကြီးစွာဖြင့် ပြုစု ပျိုးထောင်ပေး လိုက်ခြင်းဖြစ်၍ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ကာ စည်းလုံး ညီညွတ်စွာနှင့် စွမ်းရည်သုံးရပ် အစဉ်ပြည့်စုံနေစေရန် သစ္စာရှိရှိ ကြိုးပမ်း ဆောင်ရွက်နေကြရမှာ ဖြစ်ကြောင်း၊ တစ်ဦးချင်း တတ်မြောက်ထားသည့် အတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင် ကျွမ်းကျင်စွာ အသုံးချရန် လိုအပ်ပြီး တစ်ဦးချင်း စွမ်းရည်များ စုပေါင်းခြင်းဖြင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ စွမ်းရည်များ မြင့်မားလာအောင် ဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ တပ်မတော် တစ်ရပ်လုံး စွမ်းရည်နှင့် အရည်အချင်းများ တိုးတက် မြင့်မားလာအောင် တပ်မတော်သားတိုင်း ကိုယ်စီအသိ၊ သတိရှိရှိဖြင့် ကြိုးစား လုပ်ဆောင် သွားကြရမှာ ဖြစ်ကြောင်း။

 

နိုင်ငံတော် ကာကွယ်ရေးအတွက် လက်ရုံးရည် ပြည့်ဝသည့် စစ်သည်တော် ကောင်းများဖြစ်ရန် လိုအပ်သကဲ့သို့  သူနာပြုများလည်း ဖြစ်သည်နှင့်အညီ မြင့်မြတ် သည့် နှလုံးသားနှင့် အကြင်နာတရား လက်ကိုင်ထားပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ထမ်းဆောင်ရန် အမြဲ အသင့်ရှိသူများ ဖြစ်အောင် ဆက်လက်လေ့ကျင့် တည်ဆောက်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူအပေါ် အလုပ်အကျွေး ပြုနိုင်သည့် နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်သော သူနာပြု နှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်သားကောင်း ရတနာများ ဖြစ်အောင် ဆက်လက် ကျင့်ကြံ ကြိုးစားသွားကြရန် မှာကြားသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် သင်တန်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။

 

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် ဆေးတက္ကသိုလ် ပင်မ စာသင်ဆောင်ရှိ ဧည့်ခန်းမဆောင်၌ ထူးချွန် ဆုရ သင်တန်းသား ၃ ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြု ချီးမြှင့်စကား ပြောကြားသည်။

 

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းရှိ Computed Tomography ၊ Hydro Therapy Room ၊ Physio Therapy Pratical Room ၊ Nursing Skill Lab တို့အား လှည့်လည် ကြည့်ရှုကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကျန်းမာရေး အထောက် အကူပစ္စည်းများအား အခြားတပ်မတော် ဆေးရုံကြီးများတွင် ထားရှိနိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။