တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ၁၁  ဒီဇင်ဘာ

ခေတ်မီ တပ်မတော်တစ်ရပ်ရှိမှသာ စစ်ရေးစွမ်းအား (Military Might) ကို ရရှိမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းအား ရရှိရန်အတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိရန် လိုအပ်ကြောင်း၊ တိုက်စွမ်းရည် မြင့်မားရန်အတွက် လေ့ကျင့်ရေးဖြင့်လုပ် ဆောင်ရမည် ဖြစ်ပြီး  ရုပ်ပိုင်းနှင့် စိတ်ပိုင်းကိုပါ လေ့ကျင့်ပေးရန်လိုကြောင်း၊ တိုက်စွမ်းအားရှိရန် အတွက် ခေတ်မီလက်နက်၊ ခဲယမ်း၊ ယာဉ်ယန္တရားနှင့် ချပ်ဝတ်တန်ဆာများ တပ်ဆင် ပေးရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ တိုက်စွမ်းအား မြင့်မားစေရန်အတွက် အဓိက ကျသည့် အတတ်ပညာရှင် လူသားအရင်းအမြစ်များဖြစ်သည့်အလျောက်  မိမိတို့ တတ်သိထားသော အင်ဂျင်နီယာ ပညာရပ်များကို အသုံးပြုပြီး ကျရာနေရာမှ ပေးအပ် သည့် တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန် လိုကြောင်း  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ၇ နာရီခွဲတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာ တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပ သော တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ထည့်သွင်း ပြောကြားသည်။

 

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှ အရာရှိကြီး များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်း တပ်ခွဲများကို စစ်ဆေးသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

 

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၈)မှ အောင်စစ်သည်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ်၊ ၇၀၃၃  ဗိုလ်လောင်း အောင်ဆက်မြင့်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ်၊ ၇၀၂၁ ဗိုလ်လောင်း အေးချမ်းအောင် တို့အား ဆုများပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်း များအား မိန့်ခွန်းပြောကြားရာတွင် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့် အတူ ပေါက်ဖွား လာခဲ့သော မျိုးချစ် တပ်မတော် ဖြစ်သည့်အတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရုံသာမက နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် သစ္စာရှိသည့် တပ်မတော်လည်း ဖြစ်ကြောင်း၊  တပ်မတော် အနေဖြင့် လွတ်လပ်ရေး ရပြီးသည့် အချိန်တွင် ကြုံတွေ့ခဲ့ရသော ပြည်ပ ကျူးကျော်မှုနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းခဲ့ရပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဆိုသည့် အမျိုးသား နိုင်ငံရေး တာဝန်ကိုပါ ထမ်းဆောင်ခဲ့ ကြရကြောင်း၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်များ၌ ဖြစ်ပေါ်ခဲ့သော နိုင်ငံတော်၏ အရေးကြီးအချိန် ကာလများတွင် နိုင်ငံတော် တာဝန်ကို လွှဲပြောင်း ထမ်းဆောင်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ ပထဝီနိုင်ငံရေးအရ  မဟာဗျူဟာ ကျသည့် အနေအထား၊ အိမ်နီးချင်းနိုင်ငံများ၊ လူမျိုးရေးနှင့် နောက်ခံ သမိုင်းကြောင်းတို့ အရ အချုပ်အခြာအာဏာကို ကာကွယ် ထိန်းသိမ်းနိုင်ရန် အတွက် တပ်မတော်သည် ခေတ်မီ တပ်မတော် (Standard Army) ဖြစ်ရန်လိုကြောင်း၊  ခေတ်မီတပ်မတော် တည်ဆောက်နိုင်မှသာ အနာဂတ်တွင် ဖြစ်ပေါ် လာမည့် စစ်အတတ်ပညာနှင့် စစ်နည်းပညာ တိုးတက်မှုများကို ရင်ဆိုင်နိုင်ပြီး တိုင်းပြည်ကို ဘက်ပေါင်းစုံမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း။

 

ယနေ့ကမ္ဘာတွင် နည်းပညာ အခြေပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘော တရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် နည်းလမ်းများနှင့် ဘက်စုံစစ်ပွဲ အသွင် ဆင်နွှဲလျက်ရှိကြောင်း၊ IT နည်းပညာကို အသုံးပြုပြီး သတင်းထောက်လှမ်း ရယူကာ တစ်ဖက် အားနည်းချက်များကို  ဝင်ရောက်စွက်ဖက်လျက်ရှိသည်များကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) တိုးတက် ပြောင်းလဲလာသည်နှင့် အမျှ Cyber Warfare အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း၊ သိပ္ပံနှင့် နည်းပညာတွင် “ဖော်ထုတ်သုံးစွဲ” သည့်အဆင့်မှ “တီထွင်အသုံးပြု”သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ် သည့်အတွက်   ပြောင်းလဲ တိုးတက်နေသော စစ်ဘက်သိပ္ပံ ပညာရပ်များကို ကျွမ်းကျင်စွာ တီထွင်ထုတ်လုပ် အသုံးပြုနိုင်ရန် အမြဲမပြတ် ဆည်းပူးလေ့လာပြီး မိမိတို့၏ အခြေအနေနှင့် ကိုက်ညီအောင် အသုံးချ နိုင်ရမည် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်  စွမ်းရည် ထက်မြက်ရန်၊ ခေတ်မီရန်မှာ  မျိုးဆက်သစ် အတတ်ပညာရှင်၊ အသိပညာရှင်များ၏ စွမ်းရည်နှင့် ကြိုးစားအားထုတ်မှု အပေါ်တွင် တည်မှီနေကြောင်း။

 

ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် လျှောက်လှမ်းနေချိန် တွင် တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီ အခြေတည်ခိုင်မာ ရှင်သန်ရန်နှင့် ပြည်သူ လူထု၏ လူနေမှုဘဝ လုံခြုံတိုးတက် စေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာရပ်များ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေကြရ ကြောင်း၊ မိမိတို့ တပ်မတော် သည်လည်း ယင်းစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် အတွက် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်ရန် လိုအပ်ကြောင်း၊ လူအင်အား တစ်မျိုးတည်း မဟုတ်ဘဲ စစ်လက်နက် အင်အား၊ စစ်လက်နက်ဆက်စပ် ပစ္စည်းဆိုင်ရာ စွမ်းပကားနှင့် စစ်မှုရေးရာ နည်းပညာစွမ်းပကား စသည်များ တောင့်တင်းပြီး ထက်မြက် နေရန်လိုအပ်ကြောင်း။

 

နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ကြသည့် အချိန်တွင် အမိန့် နာခံတတ်မှု၊ စည်းကမ်းပြည့်ဝမှုနှင့် စည်းလုံး ညီညွတ်မှုသည် အရေးကြီးဆုံး ဖြစ်ကြောင်း။    ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မိမိတို့ တပ်မတော်သားများက ကိုယ်ရောစိတ်ပါ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြုံလာချိန် တွင်လည်း အမြန်ဆုံး သွားရောက်ပြီး အရေးပေါ် ကူညီ  ကယ်ဆယ်ရေးကိစ္စရပ်များ၊ ရွှေ့ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသခံပြည်သူများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူများသည် တပ်မတော်၏ မွန်မြတ် မှန်ကန်သော စေတနာ၊ မေတ္တာနှင့် လုပ်ဆောင်ချက်များကို လက်ခံနားလည်ပြီး လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြ ကြောင်း၊ ရောက်ရာဒေသ အသီးသီးတွင် ပြည်သူများ၏လိုအပ်ချက်၊ လိုလားချက်များကို မိမိ တတ်မြောက်ထားသည့် ပညာရပ်ဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံတွင်း မတည်မငြိမ်ဖြစ်အောင်၊ ပြည်ထောင်စုကြီး ပြိုကွဲအောင်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပြိုကွဲအောင် သွေးထိုးလှုံ့ဆော် ဝါဒဖြန့်မှုများနှင့် ပတ်သက်၍လည်း စစ်ရေးသတိ အမြဲရှိနေရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ အသွင်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်အောင် လမ်းကြောင်းအမှန်နှင့် သွားနေသည့်နေရာတွင် တိုင်းရင်းသားအချင်းချင်း အပြန်အလှန် ယုံကြည်မှုကင်းမဲ့ပြီး ငြိမ်းချမ်းရေး မတည် ဆောက်နိုင်အောင် နည်းလမ်းမျိုးစုံနှင့် လုပ်ဆောင်နေသည်များကို တွေ့ရှိရ ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ပါရှိကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီနိုင်ငံ လျှောက်လှမ်းနိုင်ရန် အမြဲလမ်း ဖွင့်ထားကြောင်း။

 

နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသော တပ်မတော်သားတိုင်း သည် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဆိုသည့် အခြေခံ အရည်အချင်း ငါးပါး အစဉ်ပြည့်ဝနေရန် လိုအပ်ကြောင်း၊ တပ်မတော်သား တစ်ယောက်သည် စစ်မှုရေးရာ တစ်ခုတည်းကိုသာ တတ်သိကျွမ်းကျင်နေရုံဖြင့် မပြီး ပြည့်စုံနိုင်ခြင်းကြောင့် ကမ္ဘာအဝှမ်းခြုံငုံပြီး အမြင်လေးမြင် ရှိရန်လည်း လိုအပ်ကြောင်း၊ အမြင်လေးမြင်ရှိမှသာလျှင် ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်နိုင်မည် ဖြစ်သည့် အတွက် ပြောင်းလဲ တိုးတက်နေသည့် ခေတ်ကာလ အခြေအနေကို သိမြင်နိုင်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင် တည်ဆောက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်အပြင် သမိုင်းကြောင်းအရ တိုင်းပြည်၏ အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင်လည်း ဆက်လက် ပါဝင်နေရဦးမည်ဖြစ်ကြောင်း။

 

ခေါင်းဆောင်မှု အတတ်ပညာသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အသက်တမျှ အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်း  ပြောကြားသည်။

 

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

 

စစ်ရေးပြ အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၂ ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍  ဂုဏ်ပြု အမှာစကား ပြောကြား သည်။

 

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ်၏ စက်မှုနှင့် သိပ္ပံ စွမ်းရည်ပြပွဲ (SCIENCE AND TECHNOLOGY EXHIBITION 2015) သို့ သွားရောက်ကြပြီး ပြခန်းတွင် ဗိုလ်လောင်း သင်တန်း Project ဆောင်ရွက်မှုများ၊ သုတေသန ဆောင်ရွက်မှုများနှင့် ပါရဂူသင်တန်း ကျမ်းပြုစာတမ်း ဆောင်ရွက်မှုများကို တာဝန်ရှိသူ များက ပြကွက်များ၊ ပုံစံငယ်များဖြင့် လက်တွေ့သရုပ်ပြသ၍ ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သတင်းရရှိ သည်။

 

(မြဝတီ)